ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများကို ငွေကြေးပေး၍ လောင်းကစားဝိုင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာတွင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်း၊ ကြက်ဝိုင်းအပြင် အခြားသော လောင်းကစားများကိုပါ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

“အဆင့်ဆင့် ငွေပေးပြီးလုပ်နေကြတာ။ မိုးရွာတဲ့ရက်ပဲ ခဏလောက်နားတယ်။ ဖဲဝိုင်းတွေကတော့ မြို့ပေါ် တိုက်ခန်းတွေမှာလုပ်ကြတယ်။ ပြီးရင် ကြိတ်ဝိုင်းတွေ နယ်ဘက်ဆင်းလုပ်ကြတယ်။ စစ်တပ်ရဲအုပ်ကြီးအဖွဲ့တွေကို အဓိက ငွေပေးလုပ်နေကြတာပေါ့” ဟု ကျွဲသောင်းကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက စတင်ပြီး စစ်ကော်မရှင်တပ်နှင့်အဖွဲ့ကို ငွေပေးကာ လုပ်ကိုင်လာခဲ့ရာ လက်ရှိအချိန်အထိ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းကစားဝိုင်းများသည် စစ်ကော်မရှင်တပ်၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကျွဲသောင်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ငွေကြေးပေး၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လောင်းကစားဝိုင်းများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဒေသတွင်း ဒုစရိုက်မှုများ ပိုမိုပေါလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး ဒေသအာဏာပိုင်များကို တိုင်ကြားထားသော်လည်း ထိရောက်စွာ အရေးယူခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။