
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသား ၂၁ ဦးကို လူမှောင်ခိုသွင်းမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်း မီဒီယာများထံမှ သိရသည်။
ရွှေ့ပြောင်းနေထိုင်သူများကို မှောင်ခိုကူးပေးသည့် မှောင်ခိုကွင်းဆက်အကြောင်း တိုင်ကြားချက်ကို ထိုင်းရဲတပ်ဖွဲ့မှ လက်ခံရရှိပြီးနောက် စစ်ဆေးခဲ့ရာ ထရပ်ကား သုံး စီးကို ပထမဦးစွာတွေ့ရှိကာ ရွှေ့ပြောင်းလာသူ ၁၁ ဦးကိုဖမ်းဆီးခဲ့ပြီးနောက် ကျန်ထွက်ပြေးသည့်ကားများကို ဆက်လက်ဖမ်းဆီးရာ Mr Phuri (ကိုဖူးရီ) နှင့်အတူ ၁၀ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် ကိုဖူးရီ ဆိုသူမှာ ထိုင်းအိုင်ဒီကတ်ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးမှုများအရ ကရင်အမျိုးသားအစည်းအရုံး(KNU) မှတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထိုင်းသတင်း ဌာနများက ဖော်ပြကြသည်။
ရွှေ့ပြောင်းအလုပ်သမားများမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှတစ်ဆင့် ထားဝယ်သို့လာရောက်ခဲ့ပြီး ထိုမှနေ၍ ထိုင်းနယ်စပ်ကိုဖြတ်ကာ စမွန်စခွန်မြို့ရှိစက်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် လူမှောင်ခိုကူးပေးသူများကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ စီပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကိုဖူးရီသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လူသူများ ပို့ဆောင်မှုနှင့် ကူညီမှုများ အတွက် စွဲချက်တင်ခံထားရပြီး ဖမ်းဆီးခံရသူ ၂၁ ဦးမှာလည်း ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်မှု စွဲချက်များဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။
ကိုးကား – Bangkok Post
Refs; ‘Myanmar rebel’ arrested for migrant smuggling