
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မန္တလေးဒေသရှိ ပြည်သူ့ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ယင်းပူးပေါင်းဆောင်ရွက်မှုသည် နောင်တွင် တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွက် ခိုင်မာသော အုတ်မြစ်ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
ယနေ့ စက်တင်ဘာ ၂ ရက်တွင် ကျင်းပသည့် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က မန္တလေးဒေသခံပြည်သူများသည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာရှင်ကို ခုခံတော်လှန်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုများက “မန်းတိုင်းဆုံဆည်းရာ” ကဲ့သို့သော ပလက် ဖောင်းများမှတစ်ဆင့် စုစည်းညီညွတ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ထို့အပြင် ဒေသခံခေါင်းဆောင်များသည် ၂၀၂၃ နှစ်လယ်ပိုင်းမှစတင်ကာ ကြားကာလနိုင်ငံရေး အစီအမံတစ်ခု ဖော်ထုတ်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး “မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ” ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ချီးကျူးပြောဆိုခဲ့သည်။
အဆိုပါကော်မတီသည် အစုအဖွဲ့ခြောက်ခုမှ ကိုယ်စားလှယ် ၄၀ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် အကြံပြုချက်များကို မြေပြင်မှသော်လည်းကောင်း၊ အွန်လိုင်းမှ သော်လည်းကောင်း ရယူ၍ မူကြမ်းရေးဆွဲခဲ့ကြောင်း၊ ၎င်းမူကြမ်းသည် လက်တွေ့ကျပြီး ဒေသ၏ အခြေအနေကို မှန်ကန်စွာထင်ဟပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
NUG အစိုးရအနေဖြင့် ဒေသအလိုက် ပေါ်ပေါက်လာမည့် နိုင်ငံရေးအစီအမံများကို အစဉ်အမြဲ ထောက်ခံ အားပေးနေမည်ဖြစ်ပြီး လိုအပ်သည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သည်။
“ဒီလို ဒေသအဆင့် စုဖွဲ့မှုတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်မန်းဝင်း ခိုင်သန်းက ဆိုသည်။
ပုံစာ-NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း။