ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

 

အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ထိန်းချုပ်လျက်ရှိသော စစ်ကော်မရှင် စားအုန်းဆီဈေးနှုန်းကို ယခုတစ်ပတ်တွင် ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

 

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၄၁၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၆,၀၅၅ ကျပ်သာ ရှိခဲ့ရာမှ ဩဂုတ်လ ပထမတစ်ပတ်တွင် ၆,၂၄၀ ကျပ်၊ ဒုတိယတစ်ပတ်တွင် ၆,၂၈၅ ကျပ်၊ နောက်ဆုံးပတ်တွင် ၆,၃၀၀ ကျပ် အဖြစ် အဆင့်ဆင့် ဈေးသတ်မှတ်ခဲ့ပြီး ယခုလတွင် ဈေးထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

စစ်ကော်မရှင် သတ်မှတ်သည့် ရည်ညွှန်းဈေးနှုန်း မြင့်တက်ပါက ပြင်ပပေါက်ဈေးတွင်လည်း ဈေးလိုက်တက်လေ့ရှိကြောင်း သိရသည်။ ထို့အပြင် ပြည်တွင်းထုတ် ပဲဆီဈေးနှုန်းသည်လည်း တစ်ပိဿာလျှင် ၂၁,၀၀၀ မှ ၂၄,၀၀၀ ကျပ် ကြားရှိကြောင်း သိရသည်။

 

“စားအုန်းဆီပြင်ပပေါက်ဈေးက တစ်ပိဿာကို ၁၂,၀၀၀ လောက်ရှိမယ်။ စားအုန်းဆီမသုံးတဲ့သူတွေက ထိုင်းကလာတဲ့ ပဲပိစပ်ဆီတို့၊ နေကြာဆီတို့ သုံးကြတယ်။ သူက ငါးဆယ်သားဘူးကို ၁၁,၀၀၀ ကနေ ၁၆,၅၀၀ ကျပ်လောက်ရှိတယ်။ တံဆိပ်အမျိုးမျိုးပေါ့။ နာမည်ကြီးရင် ဈေးကြီးတယ်” ဟု မရမ်းကုန်းမြို့နေ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံထုတ် နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့် ပဲပိစပ်ဆီဘူးများသည်လည်း ကုန်ပစ္စည်းရှားပါးမှုကြောင့် ဈေးတက်နေကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မများထံမှ သိရသည်။

 

စစ်ကော်မရှင် က မြန်မာ-ထိုင်း နယ်စပ်ဂိတ်များကို ပိတ်ထားသည့်အပြင် အောက်လမ်းမှ ဝင်လာသော ကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းဟု သတ်မှတ်ကာ ဖမ်းဆီးမှုတင်းကျပ်နေခြင်းကြောင့် ပြည်တွင်း၌ ထိုင်းကုန်စည်များ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ဓာတ်ပုံ- ဧရာဝတီတိုင်းမ်