
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ရက်
အာရက္ခတပ်တော် (AA) တပ်စွဲထားသည့် နေရာအချို့ကို စစ်ကော်မရှင်က လက်နက်ကြီး ပစ်ကူများနှင့်အတူ အပြင်း အထန်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
မင်းတပ်တောင်နှင့် ကန္ဒီးကို စစ်ကော်မရှင်ဘက်က လက်နက်ကြီးများဖြင့် နေရာစုံမှပစ်ခတ်ပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် အပြင်းအထန် စစ်ကြောင်းထိုးနေကြောင်း little rabbitထံမှ သိရသည်။
”မင်းတပ်တောင်ကို အဓိကထိုးစစ်ဆင်နေတယ် စစ်တပ်က။ ဓာတ်ငွေ့စက်ရုံဘက်ကလည်း တက်လာနေတာရှိပါတယ်။ AAက လုံးဝ နောက်ဆုတ်မပေးတော့ဘူး။ တန်ပြန်ထိုးစစ်ဆင်တဲ့ နေရာတွေလည်းရှိလို့ တိုက်ပွဲနေရာပြန့်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က AAထိန်းချုပ်နယ်မြေအချို့ကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးနေသော်လည်း သေဆုံးထိခိုက်မှုများစွာနှင့် တပ်ဆုတ်ပြန်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့်ရက်ပိုင်းက AA ထံမှပြန်လည်ရယူထိန်းချုပ်ထားသည့် လိပ်ခမော်ရွာကို ပြန်လည်လက်လွှတ်ထားရပြီး မင်းတပ်တောင်ဘက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်ကော်မရှင်၏ အမှတ် (၃၂) ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် ကျောက်ဖြူပင်လယ်ပြင်တွင် ရပ်တန့်ထားသည့် စစ်သင်္ဘောများမှ ထိုးစစ်ဆင်နေသည့် နေရာများကို လက်နက်ကြီးပစ်ကူများ ပေးလျက်ရှိသည်။
ပျားတဲ၊ ကြတ္တိန်၊ သပြုတောင်၊ ကပ်သပြေ၊ ကုလာဘာနှင့် ဂေါ်တူတောင်တန်းအနီးထိ တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းအပြင် ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများသုံးလျက် ထိုးစစ်ဆင်နေသည်။
တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်အတွင်းမှ ဒေသခံ ငါးသောင်း(၅၀,၀၀၀) ကျော်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး နေထိုင်၊ စားသောက်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)