
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
တရုတ်သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ (CMEC)၏ အဓိကစီမံကိန်းများကို တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းလာသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအလိုကျ
တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်းအား ဖော်ဆောင်နိုင်ရေး တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်စည်းရုံးခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစည်းအဝေးနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်စဉ် ဩဂုတ် ၃၁ ရက်က မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲ၌ ထိုသို့ပြောကြောင်း သိရသည်။
“ဒီမီးရထားလမ်း စီမံကိန်းဟာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် နှစ်နိုင်ငံလုံးအတွက် များစွာအထောက်အကူပြုတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ထိုစီမံကိန်းကို အမြန်ဆုံးပြီးမြောက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ယင်းမတိုင်မီ ဩဂုတ် ၃၀ ရက်က တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရာတွင် ၎င်းအား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းများကို တွန်းအားပေး၍ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားရန် တရုတ်သမ္မတက တိုက်တွန်းဆွေးနွေးခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းမှ ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အာမခံပေးရမည်ဟု ပြောဆိုရာ စစ်ခေါင်းဆောင်ကလည်း လက်ခံ၍ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခါ ရင်းနှီးမြှုပ်နှံ၊ ကုန်သွယ်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)သည် သမ္မတ ရှီကျင့်ဖိန်၏ အိမ်မက်ဖြစ်သော ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (BRI) အစီအမံကို အကောင်အထည်ဖော်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပါနေခဲ့ပြီး တရုတ်မှ ဥရောပတိုက်အထိ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ရှရှားတို့အား ဖြတ်သန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသတွင်း၌ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ဦးစားပေးသော အစီအမံဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျသော မူဆယ်၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ CMEC တွင် ပါဝင်သည့် စီမံကိန်းများအနက် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့မှ မန္တလေး၊ ထိုမှတစ်ဆင့် ရခိုင်ပြည်ရှိ ကျောက်ဖြူမြို့အထိ ဆက်သွယ်မည်ဖြစ်ကာ စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ရှိနိုင်မည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။
ယင်းမီးရထားလမ်း စီမံကိန်းကို အဆင့်နှစ်ခုခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး မူဆယ်-မန္တလေးအပိုင်းသည် ဒေါ်လာ ၉ ဘီလီယံခန့်နှင့် မန္တလေး-ကျောက်ဖြူအပိုင်းသည် ဒေါ်လာ ၁၁ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ ထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှုပမာဏကိုမူ အတိအကျမသိရသေးပေ။
ပထမအဆင့်အဖြစ် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေး မီးရထားလမ်းသည် ဘူတာ ၃၆ ခု၊ ဥမင် ၆၀ ၀န်းကျင်နှင့် တံတား ၁၂၄ စင်းတို့ ပါဝင်မည်ဖြစ်သလို မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် စုစုပေါင်း ၁၁ မြို့နယ်ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်လက်ဖောက်လုပ်၍ တရုတ်နိုင်ငံတွင် ဆောက်လုပ်နေလျက်ရှိသော ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာမှတဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တစ်ခုအဖြစ် ရည်ရွယ်ထားကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်-မန္တလေး မီးရထားလမ်း ဖြတ်သန်းသွားမည့် မြို့နယ်များဖြစ်သော ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ သိန္ဒီနှင့် ကွတ်ခိုင်မြို့နယ်တို့ကို မြောက်ပိုင်းညီနောင်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိမြို့နယ်များ၏ နေရာအချို့ကိုလည်း ထိန်းချုပ်ထားကာ စစ်ရေးပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ- MOI