
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
စစ်ကော်မရှင်နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းလူအစားထိုးခေါ်ယူရာတွင် ခိုးဆိုးလုယက်မှုများ ပြုလုပ်နေသည့် လူငယ်များကို ခေါ်ယူခဲ့ရာ ရှေ့တန်းထွက်သည့်အခါ ၎င်းလူငယ်များက လုယက်ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် အဆိုပါ ခိုးဆိုးလုယက် လူငယ်များသည် စစ်ကြောင်းထိုးရာ ကျေးရွာများရှိ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းဝင်ရောက် လုယက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ စစ်မှုထမ်းအမှတ်စဉ် (၂) တွင် ပါသွားခဲ့သည့် သူခိုးအများစုသည် ရှေ့တန်းရောက်သည့်အခါ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းများကို လုယူကာ ရရှိသည့်ငွေကြေးနှင့် ရွှေထည်များကို မိဘများထံ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်မှုထမ်းခေါ်တဲ့ အစောပိုင်း အမှတ်စဉ် (၂) လောက်က ပါသွားတဲ့ ရပ်ကွက်ထဲက သူခိုးနဲ့ မုဒိမ်းသမား သုံးယောက်ဆိုရင် သူတို့မိဘအိမ်ကို တစ်ခါပို့ရင် သိန်းဆယ်ချီပို့တယ်။ ရှေ့တန်းက ခိုးလို့ရတာတွေ၊ လုယက်ရရှိတာတွေ ပို့တာလို့ ပြောတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လုယက်ရရှိသည့် ပစ္စည်းများကို စစ်ကြောင်းမှူးများနှင့် ခိုးဆိုးလုယက်သည့် တပ်ဖွဲ့ဝင်များက ခွဲဝေရောင်းချကာ ပြည်သူ့ပစ္စည်းများကို အစဉ်တစိုက် ခိုးယူနေကြောင်း သိရသည်။
ခိုးဆိုးလုယက်သူ အများစုသည် စစ်မှုထမ်းလူအစားထိုးရာတွင် ငွေကျပ်သိန်း ၅၀ နှင့်အထက် ရရှိသည့်အပြင် ရှေ့တန်းတွင်လည်း ထင်သလို လုယက်ယူငင်ခွင့်ရနေသည့်အတွက် စစ်မှုထမ်းသင်တန်းတက်ပြီး ရှေ့တန်းထွက်ရန် အားသန်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အဖိုးတန် လူငယ်များကိုသာမက နာမည်ပျက် ထောင်ထွက် ခိုးဆိုးလုယက်သူများကိုပါ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးလျက်ရှိသည်။ စစ်ကော်မရှင် စစ်ကြောင်းများသည် စစ်ကိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်များကို စစ်ကြောင်းထိုးနေစဉ် ရွာလုံးကျွတ် မီးရှို့ခြင်းမပြုမီ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို စစ်သုံးကားကြီးများဖြင့် သယ်ဆောင် လုယူနေကြကြောင်းလည်း သိရသည်။
စစ်ကြောင်းတွင် အဓိက တာဝန်ရှိသည့် အကြီးဆုံး စစ်အရာရှိမှစ၍ အောက်ခြေတပ်သားအထိ စစ်ကြောင်းထိုးရာ ရွာစဉ်တစ်လျှောက် ခိုးဆိုးလုယက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်မှုများ ကျူးလွန်နေကြပြီး ထိုသို့ကျူးလွန်ရန်လည်း အားပေးအားမြှောက် ပြုထားကြောင်း သိရသည်။
ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ရန် ခေါ်ယူထားသူများ။