ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ-တရုတ်နယ်စပ် မတည် ငြိမ်မှုကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ စီးပွားရေး ထိခိုက်နေကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ပါက ကုန်စည်စီးဆင်းမှု ယခင်ထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tangla Hotel တွင် ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့က ကျင်းပသော မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲ၌ စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသနှင့် ကွမ်းရှီးပြည်နယ်၊ နန်နန်းမြို့ အထိ ကုန်သွယ်ရေးလမ်းကြောင်းများ ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

“နယ်စပ်အချို့က ဖွင့်လိုက်၊ ပိတ်လိုက်ပဲ။ ကိုးကန့်ဘက် လောက်ကိုင်ဂိတ်တော့ ဖွင့်ထားတယ်လို့ ကြားတယ်။ ကုန်ပစ္စည်းတွေက အဝင်/အထွက်တော့ ရှိတယ်။ သူတို့စိတ်ကောင်းဝင်ရင် ကုန်တွေပေး ဖြတ်တယ်။ သပ်သပ်ညစ်ချင်ရင်တော့ အကုန်သိမ်းတယ်” ဟု လားရှိုးမြို့နေထိုင်သူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ရွှေလီ-ကျယ်ခေါင်ဂိတ်တွင် နှစ်နိုင်ငံ လူဝင်လူထွက်နှင့် ကုန်စည်များ ဝင်ထွက်နေမှုရှိကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းခွဲ (မူဆယ်) ဥက္ကဋ္ဌ ဦးခင်ဦးက ပြောကြားထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခ စစ်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရ ဥပဒေကိုပြဋ္ဌာန်း၍ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် လူငယ်များကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတများ၊ လူသားအရင်းအမြစ်များ ရှိပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံအတွက် သိသာထင်ရှားသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်၍ ယုံယုံကြည်ကြည်နှင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

တရုတ်အစိုးရ အာဘော်သတင်းစာတွင် ဖော်ပြချက်အရ စစ်အုပ်စုနှင့် ကိုးကန့်အဖွဲ့ ညှိနှိုင်းပြီးနောက် ပို့ကုန်/သွင်းကုန်ပစ္စည်း တင်ပို့ရာ၌ ယခုနှစ် ဇန်နဝါရီမှ မေလအထိ မွန်တင့်-ချင်ရွှေဟော်နယ်စပ်ဂိတ်နှင့် မန်ကတ်လမ်းကြောင်းမှ ကုန်သွယ်မှုပမာဏ ယွမ် ၁ ဒသမ ၈၃ ဘီလီယံ ရှိပြီး ပို့ကုန်ပမာဏ ၁ ဒသမ ၂၅ ဘီလီယံရှိကြောင်း သိရသည်။

စစ်ကော်မရှင်ထံမှ ရရှိသော အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃,၂၀၀ ကျော်ရှိပြီး၊ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှ သန်း ၂,၀၀၀ ကျော်ရှိသည်။

ဓာတ်ပုံ – MOI