ဟားခါးမြို့တွင် လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိ
ဗွီအာတီ/ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဩဂုတ် ၃၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်က ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးပွားခါနီးကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
ဟားခါးမြို့၊ ထာရ်ရပ်ကွက်ဘက်တွင် နေထိုင်သော Pu Lain Hram နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိမှုအခြေအနေနှင့် ကုသမှုအခြေအနေကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံများကဆိုသည်။
“ဟားခါးမြို့၊ မြို့အစွန်ဘက်မှာ မနေ့၊ မနက်ပိုင်းမှာ ပစ်ခတ်သံမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးရမ်းသမ်းပစ်တဲ့အတွက် Pu Lain Hramတို့ မိသားစုတွေ ထမင်းစားတဲ့ အချိန်မှာ နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပါတယ်၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့်ပေါ့နော် မိသားစုဝင်ထဲက ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ ဒဏ်ရာရရှိတဲ့ထဲမှာ
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါတယ်၊ Pu Lain Hramရဲ့ မြေးမလေးပါ၊ မနေ့က ပြည်သူတွေ အပြင်သိပ်မထွက်ရဲကြတဲ့အတွက် ဒဏ်ရာရရှိမှုအနေအခြေအနေနဲ့ ကုသမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး”ဟု ဟားခါးမြို့၊ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က ဩဂုတ်လ ၁၀ ရက်နေ့တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဟားခါးမြို့၊ HniarLawn ကျေးရွာနေ Pi Chia Hnemနေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် Pi Chia Hnemသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
#ဟားခါး #လူနေအိမ် #လက်နက်ကြီး #ကိုယ်ဝန်သည် #ပြည်သူ #ဒဏ်ရာရ
#Ayeyarwaddy_Times