
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် ဝီဖာမုန်တိုင်း ရိုက်ခတ်မှုအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေမြင့်တက်လာမှုများကြောင့် ဖရေးခရိုင် နှင့် ဆူကိုထိုင်းခရိုင်များတွင် ရေကြီး၊ ရေလျှံမှု အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။
အလားတူ နန်းခရိုင်တွင်လည်း နန်းမြစ်(Nan River) ရေလျှံမှုကြောင့် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးရေကြီး ရေလျှံမှုများနှင့်ရင်ဆိုင်နေရပြီး မိုးဆက်တိုက်ရွာသွန်းနေ ကြောင်းသိရသည်။
ရေဝင်ရောက်မှုကြောင့် နှစ် ၄၀၀ ကျော်သက်တမ်းရှိပြီး ထိုင်းနိုင်ငံ၏ အမျိုးသားရှေးဟောင်း အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရသည့်”Whisper of Love” အမည်ရှိ နံရံဆေးရေးပန်းချီကားရှိရာ ဝပ်ဖိုမင် ဘုန်းကြီးကျောင်းမှာလည်း ရေလွှမ်းမိုးမှု အန္တရာယ်ကိုကြုံ တွေ့ခဲ့ရသည်။
ဖရေးခရိုင်နှင့် ဆူကိုထိုင်းခရိုင်များတွင်လည်း ရွမ်းမြစ်(Yom River) ရေလျှံမှုမှာ စိုးရိမ်ရသည့်အဆင့်ကို ရောက်ရှိလာ၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ကျရေးဌာန(DDPM) မှ အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၂၆ ရက်နေ့နံနက်ပိုင်းတွင် ရွမ်းမြစ်တစ်လျှောက် လျင်မြန်စွာ မြစ်ရေမြင့်တက်လာမှုများ ကြောင့် ဆူကိုထိုင်းခရိုင်တွင် စတင်ရေကြီးလာပြီး ပြည်သူများအနေဖြင့် ဘေးကင်းရာကုန်းမြင့်များသို့ ရွှေ့ပြောင်းရန် ထိုင်းအာဏာပိုင်များကသတိပေးထားသည်။
ထို့အတူ ဖရေးခရိုင်တွင်လည်း ရွမ်းမြစ်ရေလျှံလာနိုင်သည့်အတွက် ဒေသခံများကို နေရာ ပြောင်းရွှေ့ရန် သတိပေးထားပြီး DDPM မှ ဖုန်းအော်ပရေတာများမှတဆင့် သတိပေးချက်များ ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ဝီဖာမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ခရိုင် ၃၀ ခုကို အစိုးရမှ အနီးကပ် စောင့်ကြည့်နေပြီး နန်း၊ ချင်းရိုင်၊ ဖာအို ခရိုင်များရှိ ဆေးရုံ ငါး ရုံမှာ ရေဘေးဒဏ်သင့်ခဲ့ ကြောင်း သိရသည်။
ကိုးကား – Bangkok Post၊ The Nation Thailand