ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုရွာနှင့် လယ်တံငယ်ရွာအနီးတို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် AA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈၀ ခန့်သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

“တော်လှန်ရေးပူးပေါင်းတပ်တွေက လူ ၂၀ လောက်နဲ့ အရောင်ပြတိုက်တာမှာ စစ်တပ်ဘက်က အင်အားသုံးပြီး ဝင်လုံးတယ်။ AA ကပြန်ပိတ်ဆို့လိုက်တော့ စစ် တပ်ဘက်က ၈၀ လောက်သေ သွားတယ်”ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

လယ်တံငယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ (၆၆) ကျုံပျော်တပ်မှ ထုတ်နုတ်အင်အားများအပါအဝင် တပ်သုံးခုပေါင်း အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်းအကူအညီဖြင့် ဗုံးကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် အမြောက်တပ် ၃၄၄ မှနေ၍ လယ်တံငယ်၊ ထစောပြာ၊ လှော်ကထား၊ ကျားကိုက်ရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်၍ ပစ်ကူပေးခဲ့ပြီး ရင်ဆယ်ရွာအနီးရှိ စစ်ကောင်စီ စခန်းသို့လည်း အင်အား ၄၀၀ ခန့် စစ်ကူပို့ဆောင်ကာ စုဖွဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။