
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီက ဝင်ရောက်ထိန်းချုပ်ပြီးနောက် မြို့စောင့် အင်အားအနည်းငယ်ချန်ကာ ပြန်လည်ဆုတ်ခွာပြီး အင်အားစုဖွဲ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီတပ်များ သပိတ်ကျင်းမြို့ပေါ်မှ မြို့ဦးတောင်ပေါ် ဘုရားကုန်း၊ သပိတ်ကျင်းဆေးရုံ၊ မီးသတ်ဦးစီးဌာန၊ မြို့တော်ခန်းမတို့တွင် စုဖွဲ့၍ ဓာတ်ပုံများရိုက်ပြီး မြို့ကိုထိန်း ချုပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
“၇ မိုင်မှာတိုက်ပွဲက အပြင်းအထန်ဖြစ်နေတော့ မြို့ထဲကတပ်တွေအကုန် ၇ မိုင်နဲ့ တတက ၁၃ ကို အင်အားသွားစုနေရတယ်။ သင်တန်းကျောင်းပြန်ပါမသွားဖို့ အဓိကအားထုတ်နေတဲ့သဘောပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်အချို့နှင့် ဌာနဆိုင်ရာများအပါအဝင် တွင်းငယ် ၇ မိုင် တတက ၁၃ တို့၏ အဓိကဝင်ထွက်ရာ လမ်းကြောင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များသည် ၇ မိုင်နှင့် ကျောက်ကြီးဘက်တွင် စစ်အင်အားပြန်လည်စုဆောင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ကြည်း၊ရေ၊လေသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာစဉ် မြို့ကို ထိန်းချုပ်နေရာယူထားသည့် တော်လှန်ရေးတပ်ဖွဲ့အများစုက အင်အားမမျှသဖြင့် ဆုတ်ခွာပေးခဲ့ သော်လည်း ရွှေတောဒေသကိုမူ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ နေရာယူထားသည့် တတက ၁၃ နှင့် ၇ မိုင်စခန်း၊ ကျောက်ကြီးစခန်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘော များမှာလည်း သပိတ်ကျင်းမြို့တွင် ကမ်းကပ်ခဲ့ကာ လက်နက်နှင့် ထောက်ပို့ပစ္စည်းများ ချထားပေးခဲ့ ကြောင်း သိရသည်။
ပုံစာ-သပိတ်ကျင်းမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်၊