
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင် ၂၆ ရက်
တနင်္သာရီ တိုင်း ၊ ပုလောမြို့နယ် ၊ ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ကျရောက်ပြီး အိမ်ရှင် တစ်ဦးအပါဝင် ခရီးသည် ကိုးဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်၍ ပြည်သူ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ထိခိုက် ဒဏ်ရာ ရရှိသူများကို ကူညီကယ်ဆယ်မှု ဆောင်ရွက်နေစဉ်အတွင်း ပါဒစက်တော်ရာ တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်မှုကြောင့် အဆိုပါ နေအိမ်သို့ပင် ထပ်မံကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ကိုးဦး ထပ်မံသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူးဗျ။ အဲဒီအိမ်မှာက ခရီးသွားဧည့်သည်တွေ စုပြီးနေနေကြတာ။ ပုလောမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရှေ့ဆက်သွားလို့မရဘဲ လမ်းခရီးတစ်ထောက် နားနေကြတာ” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသား ရှစ် ဦးနှင့် အမျိုးသမီး နှစ် ဦး သေဆုံးကာ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကိုအာနိုးက အတည်ပြုသည်။
စစ်ကောင်စီက ဒရုန်းဗုံးချ လက်နက်ဖြင့်ပစ်ခတ်၍ ထိခိုက် သေဆုံးခဲ့ရသူများမှာ လက်ရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲ အခြေအနေကြောင့် ခရီးဆက်နိုင်ခြင်း မရှိပဲ နီးစပ်ရာ ကျေးရွာတွင် ဝင်ရောက်တည်းခိုနေသည့် အပြစ်မဲ့ ပြည်သူများဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
“စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သား ပြည်သူတွေနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်။ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာပဲ့ဖြစ်တယ်။ လက်နက်မဲ့ပြည်သူကို ရန်သူသဖွယ် သဘောထားပြီး တိုက်ခိုက်တာပဲဖြစ်တယ်” ဟု ဇရပ်ဆိပ်ရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသား ရှစ်ဦး နှင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ ငါးဦးထိခိုက် ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သည် လက်ရှိအချိန်အထိ ပုလောမြို့နယ်အတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင် သောကြောင့် ပြည်သူလူထု များအနေဖြင့် ဗုံးခိုကျင်းများကို စနစ်တကျ တူးထားရန်နှင့် တိုက်ပွဲဧရိယာအတွင်းရှိ ပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း က အသိပေးထားသည်။
ဓာတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း
ပုံစာ- စစ်ကောင်စီတပ်က ဒရုန်း ၊ လက်နက်ကြီး နဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်။