ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဒုဝန်ကြီးဦးကိုကိုကျော်သည် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က တီမောလက်စတေနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Mr. Olandino Ruide Andrade နှင့်တွေ့ဆုံခဲ့ကြောင်း ၎င်းတို့ပိုင် မီဒီယာများထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ပထမပတ် ဝန်းကျင်ကပင် တီမောလက်စတေနိုင်ငံကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်ဆံမှုများရှိသည့်အတွက် အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက် သည်ဟုဆိုကာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို ကန့်ကွက်ကြောင်း အာဆီယံဥက္ကဌထံ စာပေးပိုခဲ့ခြင်းဖြစ်သည်။

တီမောယာယီသံရုံးတာဝန်ခံက စစ်ကောင်စီနှင့် ဇူလိုင် ၂၄ ရက်တွေ့ဆုံမှုတွင် အာဆီယံပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်အားလုံးကို လေးစားလိုက်နာမည် ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေချိန်တွင် အဖွဲ့ဝင်အားလုံး၏ အားပေးထောက်ခံမှုကို ရယူလိုကြောင်း စစ်ကောင်စီကို ပြောဆိုခဲ့သည်။

ထို့ပြင် တီမောယာယီသံရုံးတာဝန်ခံ က တီမောမြို့တော်တွင် စစ်ကောင်စီ၏ မြန်မာသံရုံးလာရောက် ဖွင့်လှစ်ရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က တီမောလက်စတေနိုင်ငံကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့်အနီးကပ် ဆက်ဆံမှုရှိသည်ဟုဆိုကာ ယခင် တီမောယာယီသံရုံးတာဝန်ခံ Joao Freitas de Camara အား မြန်မာနိုင်ငံတွင်းမှ ထွက်ခွာသွားရန် နှင်ထုတ်ခဲ့ဖူးသည်။

စစ်ကောင်စီ ဒုတိယဝန်ကြီးဦးကိုကိုကျော်က တီမောလက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေး ကြိုးပမ်းနေချိန်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရန် လိုအပ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

တီမောလက်စ်‌တေနိုင်ငံကို ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်ဖြစ်လာရေး သဘောတူခဲ့ကြပြီး လာမည့်အောက်တိုဘာတွင် ထပ်မံကျင်းပမည့် အစည်းအဝေး၌ အဖွဲ့ဝင်အဖြစ် တရားဝင်အသိအမှတ်ပြုမည်ကြောင်းလည်း သိရသည်။

တီမောလက်စတေနိုင်ငံသည် စစ်တပ်မှ စစ်အာဏာသိမ်းကာလ အစောပိုင်းအချိန်များတွင် NUG အစိုးရကို တရားဝင်ထောက်ခံခဲ့သည့်နိုင်ငံဖြစ်ပြီး NUG အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်လည်း တွေ့ဆုံ မှုများရှိခဲ့ကာ နိုင်ငံအတွင်း NUGအစိုးရ၏ သံတမန်ရုံးကို ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-စစ်ကောင်စီ၏ နိုင်ငံခြားရေးဒုဝန်ကြီးနှင့်တီမောသံရုံးယာယီတာဝန်ခံတို့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံစဉ်။