
ဧရာဝတီတိုင််းမ်
ဇူလိုင် ၂၆ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့မှာ ပင်လယ်ပြင်ငါးဖမ်းထွက်မည့် စက်လှေများအား “သုတ”ဆီဆိုင်က ဆီဝယ်ထားသည့် ငွေရှင်းပြေစာပါမှသာ စစ်ကောင်စီတပ်က ငါးဖမ်းထွက်ခွင့်ပြုနေကြောင်း သတင်းရရှိသည်။
ရွှေသောင်ယံမြို့၊ အမှတ် ၁ ရပ်ကွက်တွင် ဖွင့်ထားသည့် စည်ပင်ဝန်ထမ်း ဦးအောင်ဆန်းဦး ပိုင်ဆိုင်သည့် “သုတ”ဆီဆိုင်တွင် ဆီဝယ်သည့် ငွေရှင်းပြေစာပါမှသာ ပင်လယ်ပြင်သို့ထွက်ခွင့်ပြုပြီး မပါသည့် စက်လှေများအား ငါးဖမ်းထွက်ခွင့် မပေးကြောင်း ဒေသခံများ ထံမှ သိရသည်။
“ ချောင်းသာနဲ့ဆို စျေးက တဝက်လောက်ကွာတယ်၊ ချောင်းသာကနေဝယ်လာရင်လည်း တံတားဂိတ်မှာ အဲ့ကောင်တွေက ရစ်တာမပြီးတော့ဘူး။ လူတွေက ရာသီဉတုကလည်း မကောင်းတဲ့အပြင် လှေထွက်ရင်လည်း ဆီဖိုးပါ ရှုံးတဲ့အထိ ဖြစ်နေပြီ”ဟု ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည််။
ရေလုပ်ငန်းလုပ်ကိုင်သည့် စက်လှေများကို တံတားထိပ်တွင် စစ်ကောင်စီတပ်သားတွေကစောင့်ကာ ဆီဆိုင်ငွေရှင်းဖြတ်ပိုင်းအား စစ်ပြီး တခြားဆိုင်များမှ ဝယ်လာသည့် စက်လှေများကို နောက်ပြန်လှည့်ခိုင်းခြင်းများပြုလုပ်နေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ရွှေသောင်ယံမြို့နှင့် ၉ မိုင်ကျော်သာဝေးသည့် ချောင်းသာမြို့တွင် ဓါတ်ဆီ တစ်ဂါလံကို ၁ သောင်းဝန်းကျင်ပေးဝယ်ရချိန် စစ်ကောင်စစ်တပ်က ပင်လယ်ပြင်ထွက်ခွင့်ပြုသည့် ဓါတ်ဆီပြေစာရသည့် “သုတ”ဆိုင်တွင် ဓါတ်ဆီတစ်ဂါလံကို ၁ သောင်း ၈ ထောင်ထိ ပေးဝယ်နေရကြောင်း ဒေသခံများမှ ပြောသည်။
စစ်ကောင်စီတပ်များဝယ်ခိုင်းသည့် “သုတ”ဆီဆိုင် ပိုင်ရှင်သည့် စည်ပင်ဝန်ထမ်းဖြစ်သည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရင်းနှီးသောကြောင့် ခုလိုမျိုး အရာရှိများဖြင့် အောက်ခြေတွင်ပေါင်းပြီးလုပ်စားတာမျိုး ဖြစ်နိုင်ကြောင်း ဒေသခံများမှ ခန့်မှန်းပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ရွှေသောင်ယံမြို့အတွင်းရှိ ကျေးရွာများမှ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံအများစု စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် ဧပြီလပိုင်းတွင် ပြန်လည်ဝင်ရောက်လာပြီး နောက်ပိုင်း စစ်ကောင်စီတပ်သားများနှင့် ရဲများက ဒေသခံများကို အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းမှုများလည်း ပြုလုပ်နေကြာင်း ဒေသခံများထံမှ သိရသည်။