ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ထိုင်းနှင့်က‌မ္ဘောဒီးယား၏ နှစ်နိုင်ငံစစ်ရေးအခြေအနေများကြောင့် ထိုင်းထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သည့် ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် က‌မ္ဘောဒီးယားကျောင်းသား များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မည့် အခြေအနေမျိုးကို တက္ကသိုလ်မှ ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ချူလာလောင်ကွန်း တက္ကသိုလ်သည် နယ်စပ်ဒေသ၊ လူမျိုး၊ နိုင်ငံသား၊ ဘာသာ၊ အခြား မတူကွဲပြားမှုတို့ကို ခွဲခြားနေမည်မဟုတ်ဘဲ မည်သည့်နေရာမှလာသည့်ကျောင်းသားအားလုံး ကိုမဆို ၎င်းတို့၏ အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာတို့ကို ညီတူညီမျှကာကွယ်ပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ချူလာ လောင်ကွန်းတက္ကသိုလ်မှ ကျောင်းသားများ၏ လုံခြုံရေးမှာ အရေးကြီးကြောင်း၊ ကျောင်းသား များမှ စိုးရိမ်ပူပန်မှုများရှိလာပါက ကျောင်းသား ရေးရာတွဲဖက်ဌာနမှူးထံ ဆက်သွယ်နိုင်သည်” ဟု ချူလာလောင်ကွန်းတက္ကသိုလ် ပညာရေးဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ပရီချက်စသာပီထာနွန်ဒါက ထိုင်းသတင်းမီဒီယာKhaosod သို့ပြောကြားခဲ့သည်။

ထိုင်း-‌ကမ္ဘောဒီးယား နယ်စပ်ရှိ မငြိမ်သက်မှုများကြောင့် နယ်စပ်နှင့်နီးစပ်ရာခရိုင်များမှ ထိုင်းကျောင်းသားများနှင့်မိသားစုဝင်များ၊ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကမ္ဘောဒီးယားကျောင်းသားများ၏ အခြေအနေများနှင့်ပတ်သက်ပြီး တက္ကသိုလ်မှ လေးလေးနက်နက် စိုးရိမ်ပြီး ကိုယ်ချင်းစာကြောင်းလည်း ပြောဆိုခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ချူလာလောင်ကွန်း တက္ကသိုလ်တွင် ကမ္ဘောဒီးယားကျောင်း သား အများအပြား ပညာသင်ကြားနေကြောင်းလည်း သိရသည်။

နယ်စပ်စစ်ရေးပဋိပက္ခများကြောင့် ထိုင်းနိုင်ငံမှ ၎င်းတို့၏ သံအမတ်ကိုပြန်လည်ခေါ်ယူခဲ့ပြီး ထိုင်းရှိ က‌‌မ္ဘောဒီးယားသံအမတ်ကို နှင်ထုတ်ခဲ့ကာ ထိုင်းနိုင်ငံသားများ အနေဖြင့်လည်း ကမ္ဘောဒီးယားနိုင်ငံ အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် ထိုင်းနိုင်ငံအစိုးရက တိုက်တွန်းထားသည်။

ကိုးကား – Khaosod English၊ Chulalongkorn University