ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ဒေသ တိုက်ပွဲများအတွင်း မြန်မာနိုင်ငံသားများအနေဖြင့် ပဋိပက္ခပိုမိုကြီးထွားစေမည့် လှုံ့ဆော်ရေးသားမှုများ မပြုလုပ်ရန်နှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ရှောင်ရှားနေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က တိုက်တွန်းပြောကြားလိုက်သည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ လူမှုကွန်ရက်မီဒီယာများပေါ်တွင် အမုန်းတရားမဖြစ်ပေါ်စေရန် post ရေးသားခြင်း၊ comment ရေးသားခြင်းများကို သတိထားရှောင်ကြဉ်ရန် လိုအပ်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသတိပေးထားသည်။

ထို့ပြင် ထိုင်းနှင့် ကမ္ဘောဒီးယား တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံသားများ ရောက်ရှိနေပါက သက်ဆိုင်ရာနိုင်ငံ၏ လုံခြုံရေးသတိပေးချက်များ၊ ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာလူမျိုး၊ ထိုင်းလူမျိုးနှင့် ကမ္ဘောဒီးယားလူမျိုးတို့သည် အလုပ်လုပ်ရာတွင် အတူတကွလုပ်ကိုင်မှုများရှိ၍ အချင်းချင်း ဂရုစိုက်ပြီး သတိထားနေထိုင်ကြရန်လိုကြောင်း NUG ဝန်ကြီးက သတိပေးထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လပိုင်းမှစကာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဘက်က လက်နက်စတင်အသုံးပြုသည်ဟု ထိုင်းနိုင်ငံဘက်က စွပ်စွဲပြီး၊ ထိုင်းစစ်တပ်က မြေမြှုပ်မိုင်းအသုံးပြုကြောင်း ကမ္ဘောဒီးယားက တုံ့ပြန်ပြောကြားကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

လက်ရှိနှစ်နိုင်ငံတိုက်ပွဲများအတွင်း စစ်သားများအပါအဝင် အရပ်သားသေဆုံးမှုများရှိနေပြီး စစ်ဘေးလွတ်ရာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
ဓာတ်ပုံ – ထိုင်းမီဒီယာ