ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် နယ်မြေ စိုးမိုးနိုင်ပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့် ထုတ်ပြန်နေသည်ကို တွေ့ရသည်။

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန်တွင် ပြည်သူအများက ကြိုဆိုနေကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဒံပေါက် ပေးနေသည့် ပုံရိပ်များကိုလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များ နှင့် ၎င်းတို့ပိုင်မီဒီယာများတွင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။

နောင်ချိုကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာအပြီးတွင် ဒေသခံများပြန်လည်ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့လက်အောက်ခံ ဌာနဆိုင် ရာဝန်ထမ်းများလည်း ပြန်လည်ဝင်ရောက်လာပြီဟုဆိုကာ နေ့စဉ်ဝါဒဖြန့်လျက်ရှိသည်။

“စစ်ရှောင်စခန်းမှာနေနေရတာ။ ပြန်လာလို့ရပြီဆိုပြီး ကားတွေနဲ့လာခေါ်ပြီး အဲဒီလိုဓာတ်ပုံတွေရိုက်ပြီး ပြန်ပို့တာ။ မြို့ထဲမှာနေလို့မရသေးပါဘူး”ဟု နောင်ချိုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက တောင်ရှည်၊ တောင်ခမ်းမှ စစ်ရှောင်များကို နယ်မြေအေးချမ်းပြီဟုဆိုကာ ဖောကား ကြီးဖြင့် လိမ်လည်ခေါ်ဆောင်ကာ ၎င်းတို့ကိုကြိုဆိုခိုင်းခဲ့ပြီး ဒံပေါက်ကျွေး ၅၀၀၀ ပေးကာ စစ်ရှောင်နေရာသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အမှန်တကယ်တွင်မူ စစ်ကောင်စီက စစ်ရှောင်များ၊ ၎င်းတို့၏လက် အောက်ခံဝန်ထမ်းများနှင့် တပ်မိသားစုဝင်များကို ဖိအားပေး ကြိုဆိုခိုင်းကာ နယ်မြေအေး ချမ်းသယောင် ဇာတ်လမ်းဆင် ဟန်ပြရုပ်သံများရိုက်ကူးနေခြင်းဖြစ်ကြောင်း ဝန်ထမ်းများနှင့်နီးစပ်သူဆိုသည်။

လက်ရှိတွင် နောင်ချိုမြို့အတွင်း၌ တပ်မိသားစု၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ၎င်းတို့နှင့် ဆက်စပ်သည့်သူအချို့သာ ပြန်လည်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရပြီး နယ်ခံများမှာ စစ်ရှောင် နေကြဆဲဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့အတွင်းသို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် သွားရောက်ခဲ့ပြီး ပျက်စီးနေသည့် တပ်စခန်းများနှင့် ဆေးရုံ၊ ဌာနရုံးနေရာများကို ကြည့်ရှုခဲ့ကြောင်း ဝါဒဖြန့်လျက်ရှိသည်။

စစ်ကောင်စီက နောင်ချိုမြို့ပြန်ရရေးအတွက် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးက ကျေးရွာတွေကို ဦးတည်ပြီး မြေပြင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက် ခိုက်ခြင်းအပြင် အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက် ခြင်းကို နေ့ စဉ်ပြုလုပ်လာခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလမှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ၂ လခွဲကြာအတွင်း နှစ်ဖက်တိုက်ပွဲ ၃၁၉ ကြိမ်၊‌ လေကြောင်း တိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု ၁၆၂ ကြိမ်၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၄၆၉၂ ကြိမ်နှင့်အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု ၁၈၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအားရည် ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဦးတည်ဗုံးကြဲတိုက် ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့ရှိ သေဆုံးပြည်သူ ၂၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၈၈ ဦး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင် ကျောင်း ၈ ကျောင်းနှင့် နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီတယ်လီဂရမ်