ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့နှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့တို့တွင် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေဘေး သတိပြုကြရန် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယမန်နေ့ ဇူလိုင် ၂၂ ရက်ညပိုင်းတွင် ထုတ်ပြန် သတိပေးထားသည်။

မြဝတီမြို့တွင် သောင်းရင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၆ ပေ ရောက်ရှိနေပြီး တစ်ရက်အတွင်း အဆိုပါ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

ရွှေကျင်မြို့ တွင် ရွှေကျင်မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲတွင် ရောက်ရှိနေပြီး လာမည့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် မြဝတီမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူ များအား ကြိုတင်သတိပြုရန်နှင့် မြစ်ရေတက်လာပါက အချိန်မီရှောင်ရှားရန် လိုအပ်ကြောင်းလည်း ပါဝင်သည်။

လက်ရှိတွင် အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်အဟုန်နှင့် တိမ်တိုက်အကြွင်းအကျန်များ ကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်ရာ ရုတ်တရက်မြစ်ရေကြီးမှု၊ ရေကြီးရေလျှံမှုများကို သတိထားရန် လိုအပ်ကြောင်း မိုး/ဇလ က သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေသည်။

ယနေ့ ဇူလိုင် ၂၃ ရက် နံနက် ၉နာရီ၃၀မိနစ်အချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ် နေသော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လေဖိ အားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များနှင့် အကြွင်းအကျန် တိမ်တိုက် များကြောင့် ယနေ့နံနက်မှ ဇူလိုင် ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးသည်း ထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်အရ ယနေ့ မွန်းတည့် ၁၂ နာရီမှ နောက် ၂၄ နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးလယ်ကာလတွင် သောင်းရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့၌ လူသေဆုံးကာ နေအိမ်များနစ်မြုပ်သည့်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးသည်။

ဓာတ်ပုံ – မိုး/ဇလ ၊ လူမှုကွန်ရက်
ပုံစာ-၂၀၂၄ ခုနှစ် မြဝတီမြို့ ရေကြီးပုံမှတ်တမ်း