ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

အင်အားပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများတွင် ထပ်မံကျင်းပခဲ့ရသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း လာမည့် ဇူလိုင် ၂၇ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်းသိရသည်။

ပုံမှန် ထွက်နေကျ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို နှစ်စဉ် ဇွန်လတွင် ထုတ်ပြန်လေ့ရှိသော်လည်း ငလျင်ကြောင့် ဇွန်လပိုင်းတွင် ကချင်၊စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စာမေးပွဲပြန်လည် ဖြေဆိုရသဖြင့် တစ်လနောက်ကျ၍ ယခုနှစ်တွင် ဇူလိုင်လတွင်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဌာန အွန်လိုင်းဝက်ဆိုက်ဖြစ်သည့် www.myanmarexam.org တွင်လည်း ကြည့်ရှုနိုင်ကာ FM မှ ကြေညာပေးခြင်းတို့ကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၈၅,၆၆၄ ဦးရှိကြောင်းသိရပြီး ယခင်နှစ် ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။

၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၀၉,၈၅၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း ယင်းဌာနထုတ်ပြန်မှုအရသိရသည်။

စစ်ကောင်စီသည် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းကို တိုးမြှင့်ပေးထားသော်လည်း ၎င်းတို့ အာဏာသိမ်းပြီးနောက် အထက်တန်းအရွယ် ကျောင်းသားလူငယ်များ ကျောင်းထွက်နှုန်းမြင့်တက် လျက် ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်