ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ခွန်မဲဝေရွာမှ ငါး ကီလိုမီတာအကွာရှိ တောတွင်း တစ်နေရာတွင် ယနေ့ ဇူလိုင် ၂၂ ရက်နေ့က မြန်မာစစ်တပ်၏ ဒရုန်းဟုယူဆရသည့် ကာမီကာဇဲ (အသေခံ) ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

တွေ့ရှိခဲ့သည့် ကာမီကာဇဲဒရုန်းတွင် ဗုံးဟု ယူဆရသည့် ဓာတ်ငွေ့ဆလင်ဒါ (gas cylinder) တစ်ခုပါရှိပြီး ဒေသခံရွာသား များမှ ထိုင်းအာဏာပိုင်များကို အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများက အဆိုပါနေရာကို အန္တရာယ် ဇုန်အဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာမီကာဇဲဒရုန်း အပျက်မှာ မြန်မာစစ်တပ်၏ ဒရုန်းဖြစ်နိုင်ပြီး ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ(၇) သို့ ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့နှင့် ဇွန် ၁၂ ရက်နေ့များတွင် တိုက်ခိုက်ခဲ့သည့် ဒရုန်းအမျိုးအစားနှင့် တူညီနေကြောင်း ထိုင်းသတင်းဌာနများက ဆိုထားသည်။

စစ်တပ်၏ အသေခံဒရုန်းမှာ ထိုင်းနယ်စပ်ကိုဖြတ်ကျော်၍ KNLA တပ်မဟာ-၇ ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း စက်ချို့ယွင်းကာ ထိုင်းနိုင်ငံအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ တွေ့ရှိခဲ့သည့် ကာမီကာဇဲဒရုန်း၏ အစိတ်အပိုင်းများကို စုဆောင်းကာ ဆက်လက်စစ်ဆေးရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို လွှဲပြောင်းခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား – Khaosod English၊ AmarinTV