
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ငွေယူပြီး စစ်မှုထမ်းအစားထိုးလိုက်ခဲ့သော လူငယ်အချို့ရှေ့တန်းတွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်မြို့အမှတ်(၁)ရပ်ကွက်မှ ငွေယူ၍ စစ်မှုထမ်းရန် လိုက်သွားသောလူငယ် နှစ်ဦး ရှမ်းပြည်တိုက်ပွဲများတွင် သေဆုံးသွားကြောင်းစစ်ကောင်စီမှ မိသားစုထံ ယခုလဆန်းပိုင်းတွင် အကြောင်းကြားကြောင်း ဒေသခံများထံမှ သိရသည်။
“အပြင်မှာသိန်း၁၀၀လောက်ပေါက်ပေမယ့် အုပ်ကြီးတွေက သိန်း၂၀လောက်ပဲပေးတာ ၊ အသက်ပေးလိုက်ရတာမတန်ဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခင်က မြို့ပေါ်ရပ်ကွက်အချို့တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်တစ်ဦးလျှင် နှစ်သောင်းကျပ်ကောက်ရာမှ ယခုလမှစတင်ပြီး ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းကြားပေးရသည်ဟုဆိုသည်။ ကျေးရွာအုပ်စုများတွင် ကျေးရွာသုံးရွာအတွက် ကျပ်သိန်း ၁၅၀ သတ်မှတ်ထားကြောင်း သိရသည်။
စစ်မှုထမ်းအစားထိုးရန်အတွက် ရပ်ကွက်နှင့်ကျေးရွာအတွင်းမှ လက်လုပ်လက်စားများ၊ အလုပ်အကိုင်မရှိသူများ၊ အကြွေးပေးရန် ငွေလိုအပ်နေသူများကို အုပ်ချုပ်ရေးမှူးများကစည်းရုံးပြီး စစ်သင်တန်းများသို့ပို့ဆောင်သည့်အပြင် မဲပေါက်သည်ဟုဆိုကာ အဓမ္မစစ်သားစုဆောင်းမှုများကိုလည်း လုပ်ဆောင်နေကြသည်။
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုများဖြင့် လူသစ်စုနေသည်မှာ အပတ်စဉ် ၁၅ သို့ရောက်ရှိနေပြီဖြစ်သည်။