ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့၊ ကွေ့ချောင်းရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အုတ်ဖိုမြို့၊ ကွေးချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့် ဇနီးဖြစ်သူတို့ကို ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မြို့ထဲ လုံခြုံရေးတွေ ခြေရှုပ်နေတဲ့ကြားက လမ်းထိပ်ထွက်အလာကိုစောင့်ပြီး ပစ်ခတ်ခဲ့တာပါ”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်ဒေဝက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့် ဇနီးဖြစ်သူဒေါ်ခင်မာရီတို့သည် ရပ်ကွက်အတွင်းရှိ လူငယ်များကို ကြံ့ခိုင်ရေးပါတီဝင်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကိုမဲထည့်ရန် စည်းရုံး ပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းကြေးဟုဆိုကာ ဒေသခံများထံမှ ငွေကြေးများ ကောက်ခံခြင်း၊ ကြံ့ခိုင်ရေးပါတီ အတွင်း မဝင်ရောက်ပါက ပေါ်တာဆွဲခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဦးရဲအောင်သည် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၎င်းထံမှ လက်ပစ်ဗုံးတစ် လုံး သိမ်းဆည်းရမိခဲ့သည်ဟု မြေအောက်ပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် တိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးရွာအုပ်စုများတွင် လူငယ်များကို စုဆောင်း၍ စည်းရုံး ပြောဆိုမှုများလုပ်ဆောင်နေပြီး ဆွေးနွေးပွဲများလည်း အင်တိုက်အားတိုက်ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)