
ဧရာဝတီတိုင်းမ်
(ဟားခါး)၊ဇူလိုင်လ ၂၂ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသားများ မပို့ပေးနိုင်သည့်အတွက် ငွေသားများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဟားခါးမြို့ စီးပွားရေးဘဏ်တွင် ငွေသားများ မပို့ပေးသည်မှာ လအတော်ကြာမြင့် နေပြီဖြစ်သည့်အတွက် ယခုအခါ ဘဏ်တွင် ငွေသားများပြတ်လက်နေခြင်းဖြစ်သည်။
“အရင်လတွေက လေယာဥ်နဲ့ ဘဏ်မှာ ငွေသားတွေပို့ပေးတယ်။ ဒီအခေါက်တော့ လေယာဥ် မလာတာလည်း အတော်ကြာပြီ။ အဲဒါကြောင့် ဘဏ်မှာငွေပြတ်ပြီး မထုတ်ပေးနိုင်တာဖြစ်တယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယခုလ ပထမပတ်မှစ၍ ငွေအကန့်အသတ်ဖြင့် ထုတ်ယူခွင့်ရပြီး ယခုအခါ ငွေသားများ လုံးဝ ထုတ်ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
“ဇူလိုင်လ ပထမအပတ်တုန်းက အကန့်သတ်နဲ့ ထုတ်လို့ရသေးတယ်။ အခုက ထုတ်ပေးဖို့ ငွေမရှိတော့ဘူးလို့ ဘဏ်ဝန်ထမ်းတွေက ပြောတယ်။ လေယာဥ်အသံကြားမှ ငွေလာထုတ်ဖို့ ပြောတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့ ဘဏ်တွင် ငွေသားများပြတ်လက်နေသည့်အတွက် ဒေသခံပြည်သူများသည် ငွေလွဲငွေထုတ် ပြုလုပ်ရာတွင် အခက်ကြုံတွေ့နေရကြောင်း သိရှိရသည်။
ထို့အပြင် စစ်ကောင်စီသည် ဟားခါးမြို့ဘဏ်သို့ ငွေသားများ ပို့ပေးနိုင်ခြင်းမရှိသည့်အတွက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများက လစာထုတ်ပေးနိုင်ခြင်းမရှိမည်ကို စိုးရိမ် နေကြရသည်။
“အရင်ကလည်း ဘဏ်မှာ ငွေပြတ်လို့ဆိုပြီး Non CDM ဝန်ထမ်းတွေ လစာ မထုတ်ရတာတွေ ရှိတယ်။ အထူးသဖြင့် အောက်ခြေဝန်ထမ်းတွေပါ။ နှစ်လ၊ သုံးလနဲ့ လစာပေါင်း ရှင်းပေးရတာတွေရှိတယ်။ လစာမရတဲ့လတွေဆို မိသားစုများတဲ့သူတွေ စားဝတ်နေရေး အရမ်းဒုက္ခရောက်ရတယ်။ ကုန်စျေး နှုန်းကလည်း တက်တော့ ပိုဆိုးတယ်။ အခုလည်းအဲ့သည်လို ထပ်ဖြစ်နေမလားပေါ့။ ဘဏ်မှာငွေတွေ ပြတ်နေတယ်လို့ကြားတယ်။ အခုထိ ငွေပို့ပေးတာမရှိဘူး။ ဒီလအတွက် လစာထုတ်ရမလားမသိဘူး”ဟု Non CDM ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းများကို ချင်းတော်လှန်ရေး တပ်ဖွဲ့များမှ ထိန်းချုပ်ထားသည့် အတွက် စစ်ကောင်စီသည် ဟားခါးမြို့ ဘဏ်သို့ ငွေသားများပေးပို့ရာတွင် လေကြောင်းဖြင့် ပို့ပေးနေရခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဟားခါးနှင့် တီးတိန် နှစ်မြို့သာလျင် ဘဏ်များလည်ပတ်နိုင်သော်လည်း ငွေသားများမပို့နိုင်သည့်အတွက် ဘဏ်တွင် မကြာခဏ ငွေသားများ ပြတ်လပ်မူနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။
ပုံစာ-ဟားခါးမြို့မြင်ကွင်း