ဧရာ၀တီတိုင်းမ်
(ရန်ကုန်) ဇူလိုင် ၂၂ ရက်

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အင်းစိန်ထောင်တွင်းရှိ စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် ဦးခေါင်းထိခိုက်ကာ ဦးနှောက်အကျိတ်တည်သည့် ဒဏ်ရာရရှိခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင် သည် ဇူလိုင် ၂၀ ရက်နေ့ က အင်းစိန်ထောင်တွင် သေဆုံးခဲ့သည်။

မဝတ်ရည်အောင်၏ ဈာပနအခမ်းအနားကို ယနေ့ ဇူလိုင် ၂၂ ရက်၊ မွန်းလွဲပိုင်း က ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူ၊ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် အသက် ( ၂၆) နှစ်၏ ကျန်ရစ်သော ရုပ်ကလာပ်အား ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

မဝတ်ရည်အောင်၏ ဈာပနကို နာရေးကူညီမှုအသင်း (ရန်ကုန်) နာယကကြီး ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့် ကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများမှ ပို့ဆောင်ကာ ကူညီဆောင်ရွက်ပေးခဲ့ပြီး လိုက်ပါပို့ဆောင်ကြသူ အများအပြား ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဒဂုံတက္ကသိုလ် သတ္တဗေဒကျောင်းသူ မဝတ်ရည်အောင် အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ခြောက် ဦး ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် တွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၌ ဧည့်စာရင်းစစ်ဆေးခြင်း အကြောင်းပြ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီသည် မဝတ်ရည်အောင်ကို ပုဒ်မ ၅၀၅(က) နှင့် ၅၂(က) တို့ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ရာများကြောင့် ဦးခေါင်းအတွင်း ဒဏ်ရာရရှိခဲ့ပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကာ ပြီးခဲ့သည့် ဧပြီလကလည်း အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် အကျဉ်းထောင်တွင် သေဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ထောင်လွတ်လက်မှတ်ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်တွင် “နာတာရှည် အတက်ရောဂါဖြင့် သေဆုံးခြင်း” ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံ- နာရေးကူညီမှုအသင်း-ရန်ကုန် ၊ Mya Aye (Facebook)