
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်နှင့် ငဝန်မြစ်ရေတို့သည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းပါးဘေးအပါအဝင် မြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာ ရှောင်ရှားရန်လိုကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
#မြစ်ရေအခြေအနေနှင့်စိုးရိမ်ရေမှတ်များ
စစ်တောင်းမြစ်ရေ သည် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့် ကျော်လွန်နေသည်။ ထို့အပြင် တစ်ရက်အတွင်း ၂ လက်မခန့် ထပ်မံမြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ငဝန်မြစ်ရေသည် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ လက်မခန့် ကျော်လွန်နေ သည်။ ၎င်းသည်လည်း တစ်ရက်အတွင်း ၂ လက်မခန့် ထပ်မံမြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်နေမည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
#တိုက်ပွဲများကြောင့် ရေဘေးရှောင်တိမ်းရန် အခက်အခဲများ
အဆိုပါ ညောင်လေးပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့ပတ်ဝန်းကျင်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့(ERO)များနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)တို့သည် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီသည် ညောင်လေးပင်ခရိုင်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသောကြောင့် ရေဘေးရှောင်ရှားလိုသည့် ဒေသခံပြည်သူများအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း သိရသည်။
စစ်ကောင်စီသည် ငါးသိုင်းချောင်းမြို့၏ အနောက်ခြမ်းရှိကျေးရွာများနှင့် ရေလမ်းမှလာရောက် ဝယ်ယူရသည့် ကျေးရွာများကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်မှစ၍ ဈေးဝယ်ယူခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့အနီးဝန်းကျင်တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါအခြေ အနေများ ကြောင့် ရုတ်တရက်မြစ်ရေမြင့်တက်လာပါက ပြည်သူများ ရေဘေးတိမ်းရှောင်နိုင်ရန်အတွက် လုံခြုံရေး စိုးရိမ်စရာ ရှိကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ