ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်‌-မော်လမြိုင်ကား လမ်းဘေးရှိ ရဲကင်းဘန်ကာကို Express ခရီးသည်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အာကာမင်း ခရီးသည်တင် Express ယာဉ်သည် ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ် ခန့်က သဲ‌ဖြူချောင်းတံတားရှိ ရဲကင်းဘန်ကာကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာ ဘန်ကာ အတွင်းရှိ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဒေသလူမှုကူညီရေး အဖွဲ့ထံမှ သိရသည်။

“ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ခရီးသည်တွေတော့ ဘာမှမဖြစ်ဘူး”ဟု လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ယာဉ်သည် ကျိုက်ထိုမှ မော်လမြိုင်ဘက်သို့ အရှိန်ဖြင့်မောင်းနှင်လာစဉ် အရှိန်လွန်ကာ ရဲကင်းဘန်ကာကို ဝင်တိုက်မိခြင်းဖြစ်ပြီး ကင်းစောင့်နေသည့် ရဲတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသွားသည့် ရဲနှင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ရဲတစ်ဦးတို့ကို ကျိုက်ထိုဆေးရုံကြီးသို့ ပို့ ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကျိုက်ထိုလူမှုကူညီရေးအသင်း