
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
တုံကင်ပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဝီဖာက ဇူလိုင် ၂၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဖြတ်ကျော်မည်ဖြစ်ကာ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးကြီးမည်ဖြစ်ပြီး ဆည်မြောင်းတမံများသတိပြုရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
ဇူလိုင် ၂၁ မှ ၂၇ ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင်မိုးကြီးမည်ဖြစ်၍ ဆည်တမံများကို သတိထားကြရန်လိုအပ်ကြောင်း သိရသည်။
ဝီဖာမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များက မြန်မာနိုင်ငံရောက်ရှိလာမှုနှင့် ဇူလိုင် ၂၄ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ဖြစ်ပေါ်နိုင်မှုအပါအဝင် မုတ်သုံလေအားအလွန်ကောင်းနေမှုကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်သည်။
မိုးကြီးနိုင်သဖြင့် မြေပြိုအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်ကိုသတိထားရန်လိုအပ်ကြီး ဆည်မြောင်းတာတမံများ၏ ရေအမှတ်ကိုသတိထားရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် လေးပေနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် လေးပေရှိနေကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းအပါအဝင် မိုးကြိုးပစ်တို့ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေးပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်ပေ ၁၀ ပေမှ ၁၅ ပေ အထိဖြစ်နိုင်ကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်