ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

ဧရာဝတီတိုင်းအတွင်း နယ်မြေအချို့ကို လက်လွှတ်ဆုံးရှုံးနေသည့်အတွက် စစ်ကောင်စီက ရေတပ်ကို အင်အားဖြည့်တင်းကာ တပ်စွဲအထိုင်ချမှုများပြုလုပ်လာသည်။

စစ်ကောင်စီက ဆုံးရှုံးနယ်မြေများကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိရန်အတွက် ပုသိမ်ရေတပ်အတွင်း စစ်သင်္ဘောများကိုထုတ်၍ ကျေးရွာအချို့ကို ခွဲပို့ကာ တပ်စွဲအထိုင်ချနေခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းထဲက နေရာအတော်များများပါနေပြီ။ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်ထဲက ကျေးရွာအချို့နေရာ တွေ လက်လွှတ်ထားရပြီ။ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တောင် ဧရာဝတီကိုအားထားပြီးလုပ်မယ်ဆိုရင် တောင် နယ်မြေစိုးမိုးမှုမရှိတဲ့အတွက် ပြည့်ပြည့်ဝဝ ကျင်းပလို့ရမှာမဟုတ်ဘူး။ အဲဒီအတွက် တင့်ကားတွေပါသယ်လာပြီး ရေကြောင်းကပါ အားဖြည့်ပြီး အတင်းလုပ်ယူမယ်ထင်တယ်”ဟု ငါးသိုင်းချောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီ၏ တင့်ကားများပါ တင်ဆောင်လာသည့် စစ်ရေယာဉ်သုံးစီးမှာ ပုသိမ်ရေတပ်မှနေ၍ ငဝန်မြစ်အတိုင်းဆန်တက်လာပြီးနောက် လက်ရှိတွင် လေး မျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ဝင်ရောက်တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် လေးမျက်နှာမြို့နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာများ၊ ရေကြည်မြို့နယ်၏ အနောက်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများကို ဈေးဝယ်ယူခွင့်ကို ဇူလိုင် ၁၉ ရက်နေ့က ပိတ်ပင်တားမြစ်လိုက်ကြောင်း သိရသည်။

“အဲဒီရွာတွေက ရေကြောင်းကနေလာပြီး ဈေးလာဝယ် ကြရတာ။ ရေကြောင်းကလာရတဲ့ ရွာတွေအကုန် ပိတ် လိုက်တာ။ ပြီးတော့ တစ်ရွာနဲ့တစ်ရွာ သွားရင်တောင် ခွင့်မပြုဘူး။ အဝင်အထွက်ကို တအားတင်းကြပ်ထား တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လေးမျက်နှာမြို့နယ်အနီးရှိ ဂွေးတောက်ကွင်း၊ ရှောက်ကုန်းနှင့် သံပုရာကုန်းကျေးရွာမှ ဒေသခံများကို အချိန်ကန့်သတ်၍ ပိန္နဲကွင်းရွာဘက်သို့ သွားလာခွင့်မပေးတော့ဘဲ ကန့်သတ်ပိတ်ပင်ထားမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီတိုင်းအတွင်းရှိ အင်္ဂပူမြို့နယ် အမှတ် ၃၄၄ အမြောက်တပ်အနီးထိ နယ်မြေစိုးမိုးမှုရယူပြီး စခန်းသိမ်းတိုက်
ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ကလည်း ကာကင်းခစန်းတစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ဧရာဝတီတိုင်းအတွင်း၌ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- (ပုံဟောင်း)