ဧရာ၀တီတိုင်းမ်
(မန္တလေး)ဇူလိုင် ၂၁ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၂၀ ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းထုတ်ပြန်ချက်အရ သိရသည်။

သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ နှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာ တို့တွင် တည်ရှိသော စစ်ကောင်စီစခန်းများ ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၁၆ ဦး ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားကာ အလောင်း ၁၅ လောင်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဂျမ်ဘာကား တစ် စီး၊ ဒရုန်းနှင့် ဆက်စပ် ပစ္စည်းများအပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) နှင့် SSTF တပ်ဖွဲ့ တို့မှ ပူးတွဲဖော်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)