ဧရာဝတီတိုင်းမ်
(မီဇိုရမ်) ဇူလိုင် ၂၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်ရှိ Tipa ကျေးရွာတွင် မရာကာကွယ်ရေးတပ် (MDF) ဒုတိယဥက္ကဋ္ဌ Sila သည် စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရကြောင်း မရာဒေသခံများထံမှ သိရသည်။

MDF ဒုတိယဥက္ကဋ္ဌ Silaကို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် အိန္ဒိယ၊ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့က Tipa ကျေးရွာရှိ ပူးပေါင်းစစ်ရေးဂိတ်တွင် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်လာသည့် ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။

“MDF ဒုချုပ် ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ သူအပါအဝင် သုံး ယောက် အဖမ်းခံရတယ်။ အဖမ်းခံ ရတာက ရိုးရာသေနတ်၊ ကျည်ကာအင်္ကျီ ၊ ကျည်ကာ ဦးထုပ်၊ တခြားစစ်သုံးဆောင်အမြောက်အများ သယ်ဆောင်လာတဲ့အတွက် စစ်ဆေးရေးဂိတ်မှာ အိန္ဒိယစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုင်ဟားခရိုင်ရှိ မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးရသည့် MDF ဒု-စစ်ဦးစီးချုပ် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လွတ်မြောက်ခြင်းမရှိသေးသလို လွတ်မြောက်နိုင်ရေးအတွက် ဆိုင်ဟားခရိုင်ရှိ မရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းမူများ ဆောင်ရွက်နေကြောင်း သိရသည်။

“ဆိုင်ဟားမြို့က ကျွန်တော်တို့ မရာလူမျိုးတွေရဲ့မြို့ဖြစ်ပါတယ်။ အခု မရာအဖွဲ့အစည်းတွေ ၊ ဘာသာ ရေးခေါင်းဆောင်တွေကို အကူအညီတောင်းခံပြီး လွတ်မြောက်ဖို့ ဆောင်ရွက်နေပါတယ်။ ဆိုင်ဟားခရိုင် ရဲချုပ်က အိန္ဒိယနွယ်ဖွားတစ်ဦး ဖြစ်နေတယ်။ သူက နည်းနည်းအကြပ်ကိုင်တဲ့သဘောပါ” ဟု MDF နှင့် နီးစပ်သူ မရာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

MDF ဒုဥက္ကဋ္ဌ NB Sila နှင့်အတူ ဖမ်းဆီးခံရသူများကို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆိုင်ဟားခရိုင် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်ကဲ့သို အရေးယူဆောင်ရွက်မည်ကို ဧရာ၀တီတိုင်းမ်အနေဖြင့် သိရှိရခြင်းမရှိသေးပေ။

အဆိုပါ MDF ဒု-ဥက္ကဋ္ဌ NB Sila ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ MDF ကာကွယ်ရေးအတွင်းရေးမှူး ဓူဝံ ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားခဲ့ခြင်းမရှိသေးပါ။

MDF သည် အာရက္ခတပ်တော်(AA) ၏ မဟာမိတ်ဖြစ်သလို ချင်းညီနောင်(CB) ၏ အဖွဲ့ဝင်လည်းဖြစ်ပြီး ၎င်းသည် ပလက်ဝ၊ လိုင်လင်းပီ၊ ထန်တလန် စသည့်မြို့နယ်ရှိ မရာဒေသ၏ ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည်။

ပုံစာ- မီဇိုရမ်တွင် စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မရာကာကွယ်ရေးတပ် MDF ဒုဥက္ကဋ္ဌ