ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏လက်ပါးစေ စစ်ကောင်စီ အဖွဲ့ဝင်များသည် စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန်အတွက် “ပြည်သူ့စစ်မှုထမ်းဥပဒေ” အမည်ခံ ကာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ လုပ်ဆောက်လျက်ရှိကြောင်း NUG ထံမှ သိရသည်။

သို့ဖြစ်ပါ၍ စစ်ကောင်စီ တပ်သားများအဖြစ် အဓမ္မ စစ်မှုထမ်းခံရသော တပ်သားသစ်များအားလုံး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်း ခိုလှုံလာကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လေးနက်စွာ တိုက်တွန်းနှိုးဆော်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့တွင် NUG က ထုတ်ပြန်သည်။

NUG ၏ နောက်ဆုံးရရှိထားသော အချက်အလက်များအရ စစ်ကောင်စီသည် လူငယ် ခုနစ်သောင်း (၇၀,၀၀၀) နီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်း၍ စစ်သင်တန်းများသို့ ပို့ဆောင်ခဲ့ပြီး စစ်မြေပြင်များသို့ စေလွှတ် အသုံးချလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အဓမ္မစစ်မှုထမ်းရန်အတွက် အမှတ်စဉ်တစ်ခုလျှင် လူဦးရေ လေးထောင်(၄၀၀၀) အနည်းဆုံး ရရှိရန် ကြိုးပမ်းနေပြီး အမှတ်စဉ်တစ်ခုနှင့်တစ်ခု လူဦးရေရရှိမှု ပြည့်မီခြင်းမရှိသဖြင့် မြင်တွေ့သမျှ လူငယ်များကို အရှိန်အဟုန်မြှင့် အဓမ္မ ဖမ်းဆီးလျက်ရှိကြောင်း NUG က ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်း နည်းဥပဒေတွင် လိုအပ်သည့်အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးသည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူများကိုလည်း ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပျက်ကွက်ပါက မိသားစုဝင်များကိုပါ အရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးသူများအပါအဝင် မည်သူကိုမဆို အရေးပေါ်အခြေအနေအကြောင်းပြချက်ဖြင့် ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ၏ ကကကြည်းမှ စေလွှတ်မည့်ဒေသများသို့ သွားရောက်ရမည်ဖြစ်ကြောင်း စသည်တို့ပါရှိသည်။

စစ်ကောင်စီက စိတ်ကြိုက် ရေးဆွဲထားသည့် စစ်မှုထမ်းနည်းဥပဒေသည် နည်းလမ်းမျိုးစုံဖြင့် ထင်ရာစိုင်း လုပ်ပိုင်ခွင့်များကို တရားလက်လွတ် ဆောင်ရွက်ခွင့်ပေးထား၍ လူငယ်များ၏ ဘဝနှင့် အသက်ကို လောင်းကြေးထပ် ချနင်းဖျက်ဆီးလျက်ရှိ၍ NUG က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် ခရီးသွားလာခွင့်များကို တင်းကျပ်ကန့်သတ်ပြီး မြို့ရွာအဝင် အထွက်များနှင့် လမ်းမများပေါ်တွင် လူငယ်များကို ပြောင်ပြောင်တင်းတင်း အဓမ္မဖမ်းဆီးလျက် ရှိသည့်အပြင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (NSIMS) ကို နည်းပညာအသုံးပြု တည်ဆောက်နေပြီး လူငယ်များကို မှတ်တမ်းတင်စာရင်းသွင်းကာသားကောင်များသဖွယ် ပိတ်လှောင် အသုံးချရန် အကွက်ကျကျ ပြင်ဆင်လျက်ရှိကြောင်းလည်း NUG က ထောက်ပြထားသည်။

မြေပြင်တွင် အလင်းဝင်လာသည့် အဓမ္မစုဆောင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သားသစ်များ၏ ထွက်ဆိုချက်များအရ တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံထားများကို တိုက်ပွဲဒေသများတွင် ရှေ့ထွက်အသေခံတပ်သားများအဖြစ် အသုံးချလျက်ရှိပြီး မူးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းများရှိကြောင်း NUG က ဆိုသည်။

အဆိုပါ အခြေအနေများကြောင့် အဓမ္မစုဆောင်းခံရသော တပ်သားသစ်များသည် စစ်ကောင်စီ၏ ယန္တရားအောက်တွင် ဆက်လက်အသုံးချမခံရစေရန် အခွင့်အခါသင့်သည်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း(ERO)များထံသို့ ဘက်ပြောင်းခိုလှုံ လာမှုများ မြေပြင်တွင် တစ်နေ့တခြား တိုးပွားလာလျက်ရှိကြောင်း NUG ထံမှ သိရသည်။

စစ်ခေါင်းဆောင်များသည် ၎င်းတို့ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ပြည်သူများ၏ အသက်ကို ထိုးကျွေးအသုံးချနေသည်ကို အထင်အရှား မြင်တွေ့နေရပြီး စစ်ကောင်စီက အဓမ္မ ဖမ်းဆီးကာ တပ်သားသစ်များအဖြစ် စုဆောင်းခြင်းခံခဲ့ရသော လူငယ်များအနေဖြင့် တော်လှန်ရေး အင်အားစုများထံ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်း ခိုလှုံကြရန် NUGက တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်သူ့ရင်ခွင်ထံ ကူးပြောင်းခိုလှုံလာကြမည့် တပ်သားသစ်များ အားလုံးကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(ERO)က နွေးထွေးစွာ ကြိုဆိုလျက်ရှိပါကြောင်းလည်း အသိပေး ဖိတ်ခေါ်ထားသည်။

ပုံစာ-စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းခြင်းခံခဲ့ရသည့်လူငယ်များ။