ဧရာ၀တီတိုင်းမ်
(သီပေါ) ဇူလိုင် ၂၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် သီပေါမြို့ရှိ ၎င်းတို့၏ ယခင် တပ်စခန်းဟောင်းဖြစ်သည့် ခလရ (၂၃) တပ်စခန်းအတွင်းသို့ ယမန်နေ့ ဇူလိုင် ၂၀ ရက် ည ၁၀နာရီ ၂၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး တစ် လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကလည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး သုံး လုံး လာရောက်ကြဲချခဲ့သည်။ ထိုဗုံးများမှာ ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အ.မ.က (၁) ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန် ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် သီပေါမြို့ကို ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ၁ ကြိမ်၊ ဇူလိုင် ၁၄ ရက်နေ့တွင် ၁ ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် ပြည်သူလူထုတည်ရှိရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် ပြည်သူ နှစ် ဦး သေဆုံးကာ ငါး ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၃ အိမ်နှင့် အဆောက်အအုံ ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေး သတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သတိပေး ပြောကြားထားသည်။

ဓာတ်ပုံ-TNLA