ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၂၁ ရက်

တနင်္သာရီ တိုင်း ၊ သိန်ခွန်း – မောတောင်လမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား သုံးဦး ထွက်ပြေးလာပြီး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA)တပ်မဟာ(၄) ထံအလင်းဝင်လာကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား သုံး ဦးသည် ဇူလိုင် ၁၉ ရက် နှင့် ဇူလိုင် ၂၀ ရက်တို့က အလင်းဝင် ရောက်လာခြင်းဖြစ်ပြီး လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KNLA တပ်မဟာ(၄) ၊ တပ်ရင်း(၁၁)ထံ အလင်းဝင် လာခြင်းဖြစ်သည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် ခမရ – ၁၀၃ ၊ ခမရ – ၂၈၀ ၊ ခမရ – ၂၆၇ တပ်များမှ ဖြစ်ပြီး ၎င်းတို့နှင့်အတူ MA1သေနတ် နှစ် လက် ၊ ကျည်ဘောက် ခုနစ် ခု ၊ ကျည် ၂၁၀ တောင့် ပါဝင်လာကြောင်းသိရသည်။

“အခု ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေက လက်တလောတိုက်ပွဲ ဖြစ်နေတဲ့ သိန်ခွန်း မောတောင်လမ်းကပါ။ဇူလိုင် ၁၉ ရက်နေ့က နှစ်ယောက်ထွက်ပြေးလာကြတယ်။ ခမရ – ၁၀၃ တပ်ရင်းကပါ။ သူငယ်ချင်း နှစ်ယောက်ပေါ့။ တစ်ယောက်ကိုတော့ စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်ပစ်တော့ ထွက်ပြေးလို့မလွတ်ဘဲ ဆုံးသွားတယ်။ သူတစ်ယောက်ပဲလွတ်လာတယ်။ သူ့မှာက လက်နက်မပါလာဘူး။ ဇူလိုင် ၂၀ ရက် က နှစ်ယောက်ထွက်ပြေးလာတာက သေနတ် နှစ်လက်ပါတယ်။ ခမရ – ၂၈၀ က တစ်ယောက် နဲ့ ခမရ – ၂၆၇ ကတစ်ယောက်ပါ” ဟုမြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် သိန်ခွန်း -မောတောင်လမ်းပိုင်းကို ၂၀၂၅ နှစ်စကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး KNLA တပ်ရင်း (၁၁) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ခုခတိုက်ခိုက်မှုကြောင့် ရှေ့ဆက်တိုးလာနိုင်ခြင်း မရှိကြောင်း သိရသည်။

“သိန်ခွန်း မှာတိုက်ပွဲက နေ့တိုင်းဖြစ်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေက နယ်မြေစိုးမိုးဖို့အတွက် ထိုးစစ်ဆင်နေတယ်။ ဒါကြောင့် တိုက်ပွဲ ဖြစ်တယ်။ မကြာခဏ ဖြစ်တယ်။ အခုတိုက်ပွဲ ဖြစ်နေတာဆို ၇ လ ထဲရောက်နေပြီ။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့တာ ဖြစ်တဲ့အတွက် သူတို့က စစ်မတိုက်ချင်ဘူး” ဟု ပဒိုစောအယ်နားက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိအသက်မဆုံးရှုံးစေရန် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့်ပြည်သူလူထုထံ အမြန်ဆုံးပူးပေါင်းကြဖို့ကိုလည်း အလင်းဝင် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ကြောင်း မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူးထံမှ သိရသည်။

“အဲဒီ စစ်ကောင်စီ အောက်မှာ အမိန့်နာခံပြီး တော့ အသေခံရမယ်ဆိုရင် အကျိုးဘာမှမရှိဘူးနော်။ ကျွန်တော်တို့ တော်လှန်ရေး နယ်မြေထဲကို ရောက်ရင် ကျွန်တော်တို့က ကူညီပေးမယ်။ ပြည်သူလူထုဆီရောက်ရင်လည်း ပြည်သူလူထုက သူတို့ကို ကူညီပေးလိမ့်မယ်”ဟု ပဒိုစောအယ်နား ကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့ ကလည်း သိန်ခွန်း – မောတောင် တိုက်ပွဲမှ စစ်ကောင်စီတပ်သား ငါး ဦးသည် လက်နက်များယူဆောင်လာပြီး KNLA တပ်မဟာ(၄)ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- KNU တပ်မဟာ (၄)
ပုံစာ ၊ လက်နက်ခဲယမ်း နှင့် အလင်းဝင်ရောက်လာ သော စစ်ကောင်စီ တပ်သား သုံးဦး။