
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇူလိုင် ၂၀ ရက်)
ခါးနာခြင်းဝေဒနာကို လူတိုင်းနီးပါး ဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးမှာပါ။ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာ နေ့စဉ် ကြုံတွေ့နေရပြီး အင်မတန်အဖြစ်များတဲ့ ခါးနာခြင်း ဝေဒနာပါ။ ဒီဝေဒနာကို အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေး လူသားတိုင်း ခံစားရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကမ္ဘာကျော် Mayo Clinic ရဲ့ ခါးနာခြင်းဝေဒနာအတွက် ကုသမှုနဲ့ အကြံပြုချက်တွေအတိုင်း ကျန်းမာရေးအသိပညာပေးသွားပါမယ်။
ခါးနာစေတဲ့ အကြောင်းရင်းများစွာရှိပေမဲ့ အဖြစ်များတဲ့ အခြေအနေတွေကို လူတိုင်းနားလည် ထားသင့်ပါတယ်။
#ကြွက်သားနှင့်အရွတ်တွင်ဒဏ်ဖြစ်ခြင်း (Strain in Muscle or Ligament)
လူတိုင်းပြောကြတဲ့ ပစ္စည်းအလေးအပင်တွေ ရုတ်တရက်ပင့်မလိုက်လို့ ခါးနာတယ်ဆိုတာ ကြွက်သားနဲ့ အရွတ်မှာ ဒဏ်ဖြစ်သွားတာ ပါ။ ကိုယ်ဟန်အနေအထား မမှန်တဲ့အခြေအနေမှာ ရုတ်တရက် အပြင်းအထန်အားစိုက်ပြီး လှုပ်ရှားလိုက်ခြင်းကြောင့် ခါးကြွက်သားတွေနဲ့ ကျောရိုးအနီးရှိ အရွတ်တွေမှာ ဒဏ်ဖြစ်ရနိုင်ပါတယ်။
#ကိုယ်ဟန်အနေအထားမမှန်ခြင်း
ခန္ဓာကိုယ်အတွက် သက်သောင့်သက်သာမဖြစ်တဲ့ ပုံစံဖြင့် အချိန်ကြာကြာ နေထိုင်မိရင် ခါးနာတတ်ပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်ရတဲ့ ကွန်ပျူတာအသုံးပြုခြင်း၊ ကားမောင်းခြင်း၊ စာကျက်ခြင်း အခြေအနေမျိုးတင်မကဘဲ ဖုန်းငုံ့ကြည့်ခြင်း၊ ထိုင်ခုံမှာ ကိုယ်ကိုကိုင်းလျက် ထိုင်မိခြင်းစတဲ့ ကိုယ်နေဟန်ထား မမှန်ကန်မှုများက ကျောရိုးအပေါ် ဖိအားသက်ရောက်စေပြီး ခါးကြွက်သားများ ဝန်ပိစေကာ ခါးနာစေပါတယ်။
#ခါးရိုးဆစ်အကြား အရိုးနုပြား ပုံစံပြောင်းသွားခြင်း (Intervertebral Disk Problems)
ကျောရိုးဆစ်နှစ်ခုကြားမှာရှိတဲ့ အရိုးနုပြားတွေက ကျောရိုးဆစ်တွေ အဆင်ပြေပြေလှုပ်ရှားနိုင်ဖို့ ကူရှင်သဖွယ် ထိန်းညှိပေးပါတယ်။ ဒီအရိုးနုပြားလေးတွေက ရှိသင့်တဲ့နေရာကနေ ဘေးသို့ကျွံထွက်ခြင်း၊ ဖုဖောင်းထွက်လာခြင်း၊ ကျိုးကြေအက်ကွဲထွက်ခြင်း၊ သို့မဟုတ် နေရာရွေ့လျားသွားခြင်းတို့ ဖြစ်တဲ့အခါ ကပ်လျက်တည်ရှိနေတဲ့ အာရုံကြောကို ဖိမိပြီး ခါးနာခြင်း ခံစားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြင်းပြင်းထန်ထန် နာကျင်မှုကို ခါးတင်မကဘဲ တင်ပါးမှတစ်ဆင့် ခြေထောက်များအထိ ပျံ့နှံ့ခံစားရတတ်ပါတယ်။
#အရိုးအဆစ်များရောင်ခြင်း (Osteoarthritis)
အရိုးအဆစ်များ ရောင်ခြင်းကြောင့် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကျောရိုးဆစ်များ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာ၍ ခါးနာခြင်းဝေဒနာကို ခံစားရပါတယ်။ အရိုးအဆစ်များအတွင်းရှိ အရည်ခမ်းခြောက်လာပြီး ကျောရိုးဆစ်များ လှုပ်ရှားလိုက်တိုင်း ပွန်းတိုက်ခြင်းကြောင့်လည်း ခါးနာရပါတယ်။
#အရိုးပွရောဂါ (Osteoporosis)
အရိုးပွရောဂါကြောင့် ကျောရိုးရှိ အရိုးများ ပါးပြီး ကျိုးလွယ်တဲ့အခြေအနေဖြစ်ကာ ခါးနာခြင်းကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ သွေးဆုံးပြီးအမျိုးသမီးများ ခါးနာခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။
#အခြားရောဂါများနှင့် ကျန်းမာရေးအခြေအနေများ
ခါးဆစ်ရိုးအနီးတဝိုက် ပိုးဝင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်းတို့ကြောင့် ခါးနာတတ်ပါတယ်။ ခါးရိုးတွင် ကင်ဆာပျံ့နှံခြင်းကြောင့် အရိုးကင်ဆာအကျိတ်ဖြစ်ပြီး အာရုံကြောများကို ဖိမိသည့်အခါတွင်လည်း ခါးနာရပါတယ်။
ကျောက်ကပ်အတွင်း ပိုးဝင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ ကျောက်ကပ်ဆီးကျောက်တည်ခြင်း စတဲ့ ကျောက်ကပ်ပြဿနာများကြောင့်လည်း ခါးနာခြင်း ခံစားရနိုင်ပါတယ်။
အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းကဲ့သို့ ခန္ဓာကိုယ်အလေးချိန် တိုးလာခြင်းကြောင့်သာမက ဟော်မုန်းအပြောင်းအလဲ ကြုံရ၍လည်း ခါးနာခြင်းကို ခံစားရတတ်ပါတယ်။
ပန်ကရိယရောင်ခြင်း၊ အမျိုးသမီးသားအိမ်နှင့်ဆိုင်ရာရောဂါများ နှင့် ကင်ဆာရောဂါအချို့မှာ ခါးနာခြင်းကို ရောဂါလက္ခဏာတစ်ရပ်အနေဖြင့် ပြသတတ်ပါတယ်။
ခါးကြောညပ်ခြင်း (Sciatica): ခါးကြောညပ်တယ်လို့ ပြောကြတဲ့ ခါးနာခြင်းကတော့ ခါးဆစ်ရိုးအနီး အာရုံကြောထွက်ပေါက် ကျဉ်းတာကြောင့် (sciatic nerve) ပေါင်တွင်းအာရုံကြော ဖိခံရတဲ့ အခြေအနေဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း: ကိုယ်လက်လှုပ်ရှားအားကစား မလုပ်ခြင်းကြောင့် ခန္ဓာကိုယ် အတွင်းက ကြွက်သားတွေ အားနည်းပြီး ခါးနာရတာလည်း ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း: ဆေးလိပ်သောက်သုံးသူတွေမှာ သွေးကြောကျဉ်းနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဖြစ်လာ၍ ဆေးလိပ်မသောက်သုံးသူတွေထက်ပို ခါးနာတတ်ကြောင်း လေ့လာတွေ့ရှိ ထားကြပါတယ်။
စိတ်ဖိစီးမှု: စိတ်ဖိစီးမှုများလွန်းသူတွေ၊ စိုးရိမ်စိတ်များသူတွေမှာလည်း ကြွက်သားများ တောင့်တင်း ခြင်းကြောင့် ခါးနာခြင်းကို အလွယ်တကူ ခံစားရပါတယ်။
#ဆရာဝန်နှင့် ချက်ချင်းပြသင့်သောအခြေအနေများ
ခါးနာနေတဲ့ လူနာတစ်ယောက်အနေနဲ့ ဆီးဝမ်း မထိန်းနိုင်ခြင်း၊ ဖျားခြင်းနှင့် ခါးနာခြင်း ယှဉ်တွဲဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရပြီးနောက် ခါးနာခြင်း၊ နာကျင်မှု ပြင်းထန်ပြီး အနားယူသော်လည်း မသက်သာခြင်း၊ ခြေထောက်လှုပ်ရှားစဉ် အားနည်းခြင်း၊ ထုံကျင်ခြင်း အကြောင်းရင်းမရှိဘဲ ပိန်ချုံးသွားခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းလာခြင်း စတဲ့ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသတိုင်ပင်ဆွေးနွေးရပါမယ်။
#ခါးနာခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း
အသက်အရွယ်မရွေး ခါးနာတတ်သည်ဆိုသော်လည်း လူအများစု ခါးနာခြင်းစတင်တာက အသက် ၃၀ ကျော် ဖြစ်ပါတယ်။ အသက်ကြီးလာလေလေ ခါးနာနိုင်ခြေ ပိုများလာလေလေ ဖြစ်တာကြောင့် ခါးနာခြင်းဝေဒနာ မစွဲကပ်ရလေအောင် ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲရပါမယ်။ ခါးနာခြင်းကို ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်ပါသည်။
#ကာကွယ်ရန်နည်းလမ်းများ
အာဟာရနှင့် နေရောင်ခြည်: အရိုးကျန်းမာရေးအတွက် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ပြီး နေ့စဉ်နေရောင်ခြည်နဲ့ ထိတွေ့ဖို့ ကြိုးစားပါ။ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့လျှင် တစ်နာရီခွဲမှ နှစ်နာရီကြာအောင် လုပ်ပေးရပါမယ်။ တစ်ပတ်ကို ငါးရက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ရေကူးခြင်းကလည်း ခါးနာခြင်းအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းဖြစ်တယ်လို့ ပညာရှင်များ ဆိုကြပါတယ်။
ခန္ဓာကိုယ် အဝမလွန်အောင် ထိန်းသိမ်းပြီး သွက်လက်ပေါ့ပါးတဲ့ ကိုယ်ခန္ဓာဖြစ်အောင် ပြင်ဆင်ရပါမယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဖြင့် ခါးပေါ်သက်ရောက်နေတဲ့ ဝန်ကို လျှော့ချနိုင်ပါတယ်။ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်တတ်သူတွေမှာ ခါးနာဝေဒနာပိုဖြစ်တာကြောင့် စိတ်ကိုပေါ့ပါးစွာထားရပါမယ်။ ဆေးလိပ်ဖြတ်ခြင်း: ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ငွေ့ မရှူမိအောင် ဂရုစိုက်ရပါမယ်။
ကိုယ်ဟန်အနေအထား မှန်ကန်စွာ နေထိုင်ခြင်း: ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါနဲ့ အိပ်တဲ့အခါများတွင် ကိုယ်ဟန်အနေအထား မှန်ကန်အောင် ဂရုပြုရပါမယ်။ လေးလံတဲ့ပစ္စည်းများကို မ မယ်ဆိုရင် ခါးကို ကွေး၍ ကုန်းကောက်မည့်အစား ဒူးကိုကွေး၍ မ သင့်ပါတယ်။
#ကုသမှုနည်းလမ်းများ–
အနားယူခြင်း: ခါးနာလျှင် အနားယူရပါမယ်။ ပြင်းထန်စွာ နာကျင်နေပါက ရက်အနည်းငယ် အနားယူပါ။ လုံးဝလှုပ်ရှားမှုမရှိဘဲ အိပ်ရာထဲတွင် အချိန်ကြာမြင့်စွာ နေခြင်းမျိုးတော့ မလုပ်သင့်ပါ။
အပူ/အအေးကပ်ခြင်း: ခါးနာလျှင် ရေခဲကပ်ခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။ ရေနွေးအိတ် အပူကပ်ခြင်းဖြင့် ကြွက်သားများကို ပြေလျော့စေနိုင်ပါသည်။
ဆေးဝါးသုံးစွဲခြင်း: အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများက နာကျင်မှုကို သက်သာစေနိုင်ပါသည်။ Paracetamol, Ophedrine, Ibuprofen, Naproxen စသည့်ဆေးများကို ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူ သောက်သုံးနိုင်ပါတယ်။
ကိုယ်ကာယနည်းပြ ကျွမ်းကျင်ပညာရှင် (Physiotherapist) ၏ လမ်းညွှန်မှုဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်လည်း ခါးကြွက်သားများကို သန်မာစေပြီး နာကျင်မှုကို သက်သာစေပါတယ်။
အခြားကုသမှုများဖြင့် ကုသမပျောက်ကင်းသည့်အခါတွင်တော့ ဆရာဝန်နှင့်တိုင်ပင်ကာ ခွဲစိတ်ကုသမှု အတွက် အကြံဉာဏ် တောင်းခံနိုင်ပါတယ်။
ခါးနာခြင်းသည် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သော်လည်း မှန်ကန်သော နေထိုင်မှုပုံစံ၊ ကြိုတင်ကာကွယ်မှုများနှင့် ထိရောက်သော ကုသမှုများဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ခါးနာခြင်းကို မကုဘဲထားပါက နာတာရှည်ရောဂါတစ်ခုအဖြစ် ဖြစ်သွားနိုင်ပြီး ဘဝရှင်သန်ရခြင်းအတွက်ပါ ထိခိုက်နစ်နာတတ်ပါတယ်။
ခါးနာဝေဒနာကို ကြာရှည်ပြင်းထန်စွာ ခံစားနေရပါက ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် မနှောင့်နှေးပါနှင့်။ သင်ကိုယ်တိုင် ကျန်းမာတဲ့ဘဝရရှိဖို့ ပြောင်းလဲလိုက်ပါ။
နောက်တစ်ပတ်မှာတော့ “ကြွက်အန္တရာယ်” ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမ် ပရိသတ်များလည်း ခါးနာခြင်းဝေဒနာမှ ကင်းလွတ်ကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)