
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၂၀ ရက်
တနင်္သာရီ တိုင်း ၊မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ခလရ ၂၈၀ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား တစ်ဦးသည် ဇူလိုင် ၁၂ရက်က မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မြိုနယ်တိုက်ခိုက်ရေးအဖွဲ့ထံသို့ လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာကြောင်း အဆိုပါတပ်ရင်းထံမှသိရသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား မှာ အသက် ၂၇ နှစ်အရွယ် ငြိမ်းချမ်း ဖြစ်ပြီး ပဲခူးတိုင်း ၊ပြည်ခရိုင် ၊ရွှေတောင်မြို့ ဇာတိဖြစ်ကာ အပတ်စဥ် (၈) သင်တန်းဆင်းမှဖြစ်ကြောင်းသိရသည်။
ယင်း စစ်ကောင်စီတပ်သား သည် မော်လမြိုင်မြို့တွင် အလုပ်လာလုပ်ရင်း အဖမ်းခံရပြီး သံဖြူဇရပ် ၊ စစ်သင်တန်းကျောင်းတွင် သင်တသင်တန်းသုံးလတက်ပြီးသည့်နောက် ခလရ – ၂၈၀ ပလောက်တပ်ရင်းကို ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။
“သူ တပ်ထဲကို စဝင်တာက ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်းကပါ။မော်လမြိုင် မှာ အလုပ်လာလုပ်ရင်းအဖမ်းခံရတာပေါ့။သင်တန်းပြီးတာနဲ့ ပလောက် ခလရ – ၂၈၀ တပ်ရင်းကို တန်းအပို့ခံရတာပါ။အခုကနယ်မြေခံ ရပ်ကျေးမှတစ်ဆင့်ဆက်သွယ်ပြီး အလင်းဝင်ခဲ့တာပါ။လက်ရှိကတော့ လွတ်မြောက်မယ်မြေမှာပဲ နေထိုင်မှာပါ။အေးဆေးနေထိုင်ရန်စီစဥ်ပေးထားပါတယ်”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများနှင့်ပြည်သူဘက်က ရပ်တည်လိုသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မြိတ်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့ အပြင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးထားသည်။
ပုံစာ ၊ လက်နက်ခဲယမ်း နှင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့တာဝန်ရှိသူကိုတွေ့ရစဥ်