
နိုင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံခံခဲ့ရတာ ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့က ၇၈ နှစ်တိတိ ပြည့်ပြီ ဖြစ်ပါတယ်။ ဒီလိုသမိုင်းဝင်နေ့အတွက် ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဇာနည်ဗိမ္မာန်အထိ လာရောက်ပြီး အာဇာနည်ခေါင်းဆောင် တွေကို ဟန်ပြဂါရ၀ပြုခဲ့ပေမယ့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မတရားပုဒ်မတွေနဲ့ ထောင်သွင်း အကျဉ်းချထားဆဲ ဖြစ်ပါတယ်။
စစ်ခေါင်ဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းချခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို သွားရောက်ဂါရဝပြုခွင့် လုံးဝမရရှိခဲ့ဘဲ အာဇာနည်နေ့ကို ထောင်တွင်းကနေ ဖြတ်သန်းခဲ့ရတာ ငါးနှစ်တိတိ ရှိခဲ့ပါပြီ။
အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၎င်းတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတစ်ဆင် ယခုလို ပြောကြားခဲ့ပါသေးတယ်။
“ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ပြောကြားချက်တွေမှာ အများကြီးပါပါတယ်။ ဒါကို ကျွန်တော်တို့လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်ပါတယ်။ ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြတာ ကောင်းပါတယ်။ ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့၊ အသက်ပေးပြီးတော့ လုပ်သွားကြတာပါ။ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့လမ်းကြောင်း အတိုင်းပဲ တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သွားကြဖို့လိုပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အဲ့သည်လိုပြောကြားပေမယ့် ၎င်းနဲ့ အပေါင်းအပါတွေအားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်တွေနဲ့ လုံးလုံး ဆန့်ကျင်နေတဲ့ လုပ်ရပ်တွေကိုသာ လုပ်ဆောင် နေခဲ့တာပါ။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၎င်းဟန်ပြဂါရဝပြုနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုပင် အကျဉ်းထောင် မဟုတ်တဲ့ နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ ၁၄ မိုင် အကွာမှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံစိုက်ရာနေရာမှာ လုံခြုံရေးတင်းကျပ်စွာနဲ့ ဖမ်းဆီး ချုပ်နှောင်ထားတာဖြစ်တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ(MPW)က ဖော်ထုတ်ထားပါတယ်။
မြန်မာ့အကျဉ်းထောင်သက်သေ(MPW)ဟာ အကျဉ်းထောင်တွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချိန်မီ စနစ်တကျမှတ်တမ်းတင်ပြီး သက်သေခံချက်များနဲ့တကွ ဖော်ပြနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် နေအိမ်အကျယ် ချုပ်ကျခဲ့စဉ်ကပင် ဖခင်ဖြစ်သူရဲ့ နာရေးအထိမ်းအမှတ်အနေဖြင့် ရည်စူးကာ အလှူဒါနများ ပြုလုပ်ခွင့်ရခဲ့ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ် နှောင်ခြင်းခံထားရတဲ့ နေရာကိုပင် သတင်းအမှောင်ချ လျှို့ဝှက်ထားတဲ့ အခြေအနေတွေက သူပြောနေတဲ့ မိန့်ခွန်းတွေ၊ စကားတွေနဲ့ လက်တွေ့လုပ်ရပ် ကွဲလွဲနေပုံကို ရှင်းလင်းစွာ ပြသနေတာပါ။
စစ်အာဏာရှင်အဆက်ဆက်ဟာ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ပြီး ယနေ့ ၂၀၂၅ ခုနှစ်အထိ မတရားဥပဒေပုဒ်မတွေနဲ့ အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင်ခဲ့တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ မမေ့နိုင်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။
ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကြားကာလတွေအထိ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ်ဖမ်းဆီးထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ လေးကြိမ် တိုင်ဖမ်းဆီးခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ၁၆ နှစ်ဝန်းကျင်နေခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ယနေ့အထိ ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခြင်း ခံထားရဆဲဖြစ်ပါတယ်။
ယမန်နေ့က ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးအောင်သန်း၏ မြေး ဦးရဲအောင်သန်း နှင့်ဇနီးတို့သာ တက်ရောက်နိုင်တာ ဝမ်းနည်းဖွယ်ရာ မြင်ကွင်းအဖြစ်မြင်တွေ့ရပါတယ်။
ယခု ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တာ ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အသက်ပေးဆပ်ခဲ့သည့် လွတ်လပ်ရေး၏ အမှတ်သင်္ကေတ အာဇာနည်နေ့တွင် သမီးရင်းကို မတရားဖမ်းဆီးချုပ်နှောင်ကာ ဂါရဝပြုဟန်ဆောင်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်က ပြည်သူတွေရဲ့ ရင်ထဲမှာ မေးခွန်းများစွာ ထွက်ပေါ်စေခဲ့မှာပါ။
ဗိုလ်ချုပ်အောင်ဆန်းအပေါ် စစ်အာဏာရှင်တွေရဲ့ ဂါရဝပြုဟန်ဆောင်မှုနဲ့ သမီးဖြစ်သူအပေါ် ဖိနှိပ်မှုတွေအကြား ကွဲလွဲနေတဲ့ လုပ်ရပ်တွေဟာ မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခံရဦးမည်သာ ဖြစ်ပါတယ်။