
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ဈေးဝယ်ယူခွင့်ကို လုံးဝပိတ်ပင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၏ အနောက်ခြမ်းရှိကျေးရွာများနှင့် ရေလမ်းမှလာရောက်ဝယ်ယူရသည့် ကျေးရွာ များကို စစ်ကောင်စီက ယမန်နေ့ ဇူလိုင် ၁၉ မှစ၍ ဈေးဝယ်ယူခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။
“ငါးသိုင်းချေုင်းဘက်မှာ ရေလမ်းကသွားလို့ရတဲ့ ရွာအတော်များများ ဈေးဝယ်ခွင့်ပိတ်လိုက်တယ်။ အရင်တုန်းက အခြေခံစားသောက်ကုန်တွေကို သွားဝယ်ရင် ဝယ်ယူခွင့်ကတ်ပေါ့နော်။ အစားစားပေါ့ တစ်ကတ်ကို နှစ်ထောင်၊ သုံးထောင်ဆိုပြီးရှိတယ်။ အဲဒါတွေနဲ့ သွားလာဝယ်ယူရတာ။ အနာက်ခြမ်း ကရွာတွေနဲ့ ရေလမ်းကလာရတဲ့ရွာတွေ အတော်များများကို ပိတ်လိုက်တယ်” ဟု ငါးသိုင်းချောင်း ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စက်လှေဆိပ်၊ ရေဆိပ်တွေမှာ စစ်ကောင်စီ တပ်၊ ရဲများနှင့် ပျူစောထီးများက အင်အားအများ အပြားဖြင့် နေ့စဉ်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်တတိယပန်မှစတင်ပြီး ငါးသိုင်းချောင်းမြို့ရှိ ကျေးရွာများမှ ပြည်သူများ ထောက်ခံစာ ပါမှသာ ဈေးဝယ်ယူခွင့်ရှိပြီး ဈေးဝယ်ယူခွင့် ထောက်ခံစာတွင် ရက်စွဲနှင့် ပစ္စည်း အမျိုးအမည်၊ အရေအတွက်များပါ အတိအကျပြောပြီးမှ ထောက်ခံပြုလုပ်ပေးခြင်းဖြစ်သည်။
“ငါးသိုင်းချောင်းမြို့ကို ကုန်းလမ်းကနေ ဈေးလာဝယ်တဲ့အခါ စစ်သား၊ ရဲ၊ ပြည်သူ့စစ်တွေက ဂိတ်တိုင်းမှာ တားပြီးစစ်တာ။ ကမ်းနားဆိပ်မှာ အတင်းကျပ်ဆုံးပဲ” ဟု ငါးသိုင်းချောင်းမြို့နေ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာနှင့် မြို့နယ်အချို့ကို သွားလာမှု ပိတ်ပင်ခြင်းများ ပြုလုပ်နေသည့်အပြင် ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ နံနက် ၇ နာရီခန့်က လေးမျက်နှာ မြို့နယ် ပန်းတောကြီး ကျောက်စရစ်ကုန်း၊ လယ်တံငယ် စသည့် ကျေးရွာများကို ဒရုန်းနှင့် ဗုံးကြတိုက်ခိုက်ခဲ့ရာ နေ အိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ နံနက်ပိုင်းတွင်ပင် ချင်းလယ်၊ စက်စက်ယိုနှင့် ဥယျာဉ်ကုန်းအနီးတစ်ဝိုက်ကို Y 12 ဖြင့် ဗုံး ၁၅ လုံးထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းနေ့ ညနေပိုင်းတွင်မူ ငါးသိုင်းချောင်းမြို့ အလယ်ကျွန်းရွာဘက်ကို အင်အားအသင့်အတင့်ပါရှိသည့် စစ်ရေယာဉ် ခြောက် စင်းထပ်မံရောက်ရှိလာကာ အိုင်သပြုနှင့် လေးမျက်နှာမြို့နယ်တွင် အထိုင်ချမည် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ရေယာဉ်သုံးစင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့တွင် ပုသိမ်ရေတပ်မှနေ၍ ငဝန်မြစ်အတိုင်းတက်လာကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်သုံးစင်းမှာ ငဝန်မြစ်အတိုင်းတက်လာပြီး ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ် များအထိ ဝင်ရောက်လာနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့ပြီးဖြစ်သည်။