ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

စစ်ကောင်စီက ဖမ်းဆီးထောင်ကျထားသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်၊ သတ္တဗေဒကျောင်းသူ မဝတ်ရည်အောင်သည် ယနေ့ဇူလိုင် ၂၀ ရက်တွင် အင်းစိန်ထောင်၌ သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာတွင် ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်၌ ဧည့်စာရင်းအကြောင်းပြ၍ မဝတ်ရည်အောင်ကို ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်တွင် ပုဒ်မ ၅၀၅(က)၊ ၅၂(က) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် အင်းစိန်ထောင်အတွင်း သေဆုံး (ကျဆုံး)သွားကြောင်းကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ ဇူးဇူးမေယွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

မည်သည့်ရောဂါ၊ အခြေအနေကြောင့် သေဆုံးသည်ကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနက လက်တလော တွင် စုံစမ်းမေးမြန်းနေပြီး အတည်မပြုနိုင်သေးသော်လည်း စစ်ကြောရေး၌ ရရှိထားသော ဒဏ်ရာများ ကြောင့် ကျန်းမာရေး စိုးရိမ်နေရကာ ယနေ့၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှင်းပမ်း နှိပ်စက်ခံရ၍ ဦးခေါင်းအတွင်း ဒဏ်ရာရရှိပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကာ ပြီးခဲ့သည့် ဧပြီကလည်း အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ကျောင်းသားသမဂ္ဂ အမှုဆောင်၊ သတ္တဗေဒကျောင်းသူ မဝတ်ရည်အောင်