အာဇာနည်များ လုပ်ကြံခံရမှုသည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်ကာ အာဏာရှင်စနစ်၏ သံသရာထဲသို့ ဆွဲသွင်းခံခဲ့ရခြင်း၏ နိဒါန်းဖြစ်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တမ်းနေရုံနှင့် မပြီးဘဲ ထိုက်တန်သော ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စုတစ်ရပ် ဝိုင်းဝန်းထူထောင်၍ မှန်ကန်စွာ ဂုဏ်ပြုကြရန် ယနေ့ ဇူလိုင် ၁၉ ရက်၌ ကျရောက်သည့် အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအ စိုးရ (NUG) ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း က ပြောကြားခဲ့သည်။

NUG သည် ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်သူ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ လေးစားအားကျနေရုံ၊ လွမ်းဆွတ်တမ်းနေရုံသက်သက်နဲ့ မပြီးပါဘူး။ သူတို့ အသက်စွန့်ခဲ့ရတာနဲ့ ထိုက်တန်တဲ့ တန်းတူညီမျှပြီး လွတ်လပ်တဲ့ ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စုတစ် ရပ်ကို ဝိုင်းဝန်းထူထောင်နိုင်မှသာ သူတို့ကို မှန်ကန်စွာ ဂုဏ်ပြုရာ ရောက်ပါလိမ့်မယ်” ဟု NUG ဝန်ကြီးချုပ်က ပြောသည်။

ထိုပုဂ္ဂိုလ်များ၏ ရည်မှန်းချက်သည် တိုင်းရင်းသားအားလုံး တောင်တန်း၊မြေပြန့် မခွဲခြားဘဲ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုရေစီ စံနှုန်းများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်သစ်တစ်ရပ်ကို ကြိုးပမ်းထူထောင်ရန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းအပြင် ယနေ့ခေတ် ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင်လည်း ရှေးခေတ်အာဇာနည်ကြီးများ၏ စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြသော သူရဲကောင်းများ ထပ်မံပေါ်ပေါက်လာကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လက်ပြောကြားသည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကိုး ဦးတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (စနေနေ့) နံနက်ခင်း အတွင်းဝန်များ ရုံးခန်းတွင် အစည်းအဝေးထိုင်နေကြစဉ် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကျဆုံးကြွေလွင့်ခဲ့ရသည်။

အာဇာနည်ခေါင်းဆောင်ကြီးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကမ္ဘာ့အလယ်တွင် လွတ်လပ်၍ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေစဉ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဤလုပ်ကြံမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်ကာ အာဏာရှင်စနစ်၏ သံသရာထဲသို့ ဆွဲသွင်းခံခဲ့ရခြင်း၏ နိဒါန်းပင် ဖြစ်ခဲ့ရ ကြောင်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။