ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၉ ရက်

တနင်္သာရီ တိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဥ် ဖြင့် ဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက် ကလေး ငယ် တစ်ဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိကာ နေအိမ် သုံးလုံး ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံများ နှင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းဆီထံမှ သိရသည်။

မြိတ်လေတပ်မှ ထွက်ခွာလာသည့် စစ်ကောင်စီဂျက်ဖိုက်တာလေယာဥ်သည် ယနေ့ ဇူလိုင် ၁၉ (အာဇာနည်နေ့) နံနက် ၁၀းနာရီ၃၀ မိနစ်ခန့်တွင် ပုလောမြို့နယ် ၊ မိန်းမမြို့ရွာ နှင့် ဘိုင်းပြင်ရွာကြား ရှိ ပြည်သူလူထုနေအိမ်များကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်၍ စက်သေနတ်ဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။

“အခု ဗုံးလာကြဲ သွားတဲ့ နေရာက ဘာ PDF မှမရှိဘူး။အရပ်သား ပြည်သူတွေနေတဲ့ နေရာကို ပစ်မှတ်ထားပြီး ဗုံးလာကြဲသွားတာ။ အဲဒီနေရာတစ်ခုတည်းကိုပဲ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲ ချသွားတယ်။ စက်သေနတ် နဲ့လည်းပစ်သွားသေးတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် ကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိကာ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

“ဗုံးကြဲ လို့ထိတာက အားလုံးပေါင်း ငါး ယောက်ပါ။ ယောင်္ကျား နှစ်ယောက် ၊ မိန်းကလေး သုံးယောက် ပါ။ အဲဒီအထဲက မှ အသက် ၁၃ နှစ်အရွယ် ယောင်္ကျား လေးတစ်ဦး ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်တဲ့ ယောင်္ကျားလေး တစ်ဦး နဲ့ မိန်းကလေး သုံးဦး ဒဏ်ရာရတယ်။နေအိမ် သုံးလုံး ထိခိုက်ပျက်စီး သွားတယ်။နေအိမ် တည့်တည့်ကို ကျတယ်” ဟု ကိုအာနိုး ကဆက်လက်ပြောကြားသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ပြီး နောက် ယနေ့ နေ့လယ် ပိုင်းအထိ စစ်ကောင်စီ၏ ခလရ – ၂၈၅ တပ်ရင်းက ပုလောမြို့နယ် အတွင်းသို့ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ ထံမှသိရသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း။

ပုံစာ-ဒီကနေ့ မနက်ပိုင်းက ပုလောမြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များ။