
(မတူပီ)၊ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(မတူပီ)၊ တပ်မဟာ (၂) ၏ ဌာချုပ်ကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးသီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မတူပီမြို့နယ် စစ်ရေးသတင်းအရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ ည ငါးနာရီဝန်းကျင်တွင် CDF-Matupi တပ်မဟာ (၂) ၏ ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“မနေ့ညက ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ ဌာနချုပ် စခန်းတစ်နေရာကို ကြဲသွားပါတယ်။ ရဲဘော်တွေက လေယာဥ်သံကြားတာနဲ့ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်လို့ ထိခိုက်မှုမရှိဘူး။ ဗုံးစထိမှန်ပြီး စခန်းအနည်းငယ်ပျက်စီးသွားတာတွေတော့ရှိတယ်” ဟု မတူပီမြို့နယ် စစ်ရေးသတင်းရင်းမြစ်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းသည် CDF-Matupi ၏ တပ်မဟာ (၂) ဌာနချုပ်တွင် ပထမအကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မတူပီမှာ အရင်လတွေက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပေမယ့် ဌာနချုပ်မှာ တိုက်ခိုက်တာတွေ မရှိဘူး။ ဒါပထမဆုံးအကြိမ် တိုက်ခိုက်သွားတာပါ။ မတူပီမှာ စကစ မရှိတော့ဘူး။ တိုက်ပွဲတွေ လည်းမရှိတော့ဘဲ အကြောင်းမဲ့သက်သက် ဗုံးကြဲသွားတာ” ဟု မတူပီမြို့နယ်စစ်ရေးသတင်းအရင်းမြစ်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF- Matupi တပ်မဟာ (၂) သည် ချင်းပြည်အစိုးရ (CC) အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည် မေလ ၃၁ ရက်နေ့တွင် CDF-Matupi တပ်မဟာ (၂) မှ CDF-Matupi အမည်ဖြင့် ပြောင်းလဲထားသည်။
မတူပီမြို့ကို ချင်းညီနောင် (CB) အဖွဲ့ဝင် MRO/CDF-Matupi မှ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီတပ်မှ မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပေးပို့
ပုံစာ- စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးသွားသည့် စခန်းကို တွေ့ရစဥ်။