ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ စစ် သင်္ဘောတွေကို လေကြောင်းမှ လုံခြုံရေးယူ ဗုံးပတ်ကြဲမှုကြောင့် ဝက်လက်ဒေသခံ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ဧရာဝတီမြစ်အတွင်း သွားနေသည့် စစ်သင်္ဘောအုပ်စုကို လေကြောင်းမှ Y 12 ဖြင့် လုံခြုံရေးယူကာ အနီးဝန်းကျင်ရှိ ကျေးရွာ တစ်လျှောက်ကို ဗုံးကြဲချသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ဗုံးကြဲပြီး ရေယာဉ်တန်းကို လုံခြုံရေးယူပြီး သွားနေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဝက်လက်က ပြည်သူ ၂၀ နီးပါးသေတယ်။ ဒဏ်ရာရလည်းများ တယ်”ဟု ဒေသသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေကြောင်းမှဗုံးကြဲမှုကြောင့် ရှားကွဲ၊ ငါးပတ်ချောင်းနှင့် ရေလည်မော်ရွာများမှ ဒေသခံ ၂၀ နီးပါးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် လေ ကြောင်းမှ ရေလည်မော်ရွာကို ဗုံးထပ်မံကြဲချမှုကြောင့် ပြည်သူ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်တန်းသည် ဝက်လက်မြို့နှင့် စဉ့်ကူးမြို့နယ်ထဲရောက်ရှိချိန်တွင် လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် စစ်သင်္ဘောများသည် ရွှေဘိုမြို့ရှိ ရတနာသိင်္ခတံတား၏ မြောက်ဘက်မှ ဆက်လက်ဆန်တက် နေကြောင်း Wetlet Information Network မှ ထုတ်ပြန်ထားသည်။