
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းရန်ခိုင်းစေခြင်းတို့ကြောင့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုအပါအဝင် လုပ်သားရှားပါးမှုများဖြစ်ပေါ်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ ဝန်းကျင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကိုခွင့်ပြု လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင် ယင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းသစ် ၃၅ ခုတွင် စက်မှုကဏ္ဍ နှင့်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ် ကိုး ခု ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခုတွင် စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းတို့ ပါဝင်ကြောင်းသိရသည်။
ထို့ပြင် အထည်ချုပ်လုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများ ပါဝင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၂၂၀ ခုဖန်းတီးပေးနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနှင့် ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်းရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က စီးပွားရေးကဏ္ဍ ၁၂ ခုအနက် ဇွန်လကုန်အထိ စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စက်မှုကဏ္ဍတို့တွင်အဓိက ရင်းနှီးမြှုပ်နှံထားကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။
ဓာတ်ပုံ -စစ်ကောင်စီ ၊ ဧရာဝတီတိုင်းမ်