
ဧရာတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
စစ်အာဏာရှင်အဆက်ဆက် စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသော ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ သမီး ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇနှင့်ပတ်သက်သည့် ဖော်ပြချက်ါများကို ယခုအခါတွင် အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဝက်ဘ်ဆိုက်မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ( Justice For Myanmar-JFM ) က ယနေ့ ဇူလိုင် ၁၈ တွင် ထုတ်ပြန်သည်။
Justice For Myanmar သည် ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် အီတလီထိပ်တန်းမဂ္ဂဇင်းဖြစ်သော Vogue ၏ မိခင်ကုမ္ပဏီ Conde Nast ထံ ရေချယ်တေဇ အကြောင်းနှင့်ပတ်သက်ပြီးအရေးယူပေးရန် စာပို့တောင်းဆိုခြင်းဖြစ်သည်။
ထိုသို့တောင်းဆိုပြီး တစ်နှစ်အကြာတွင် ရေချယ်တေဇကို Vogue မဂ္ဂဇင်းပလက်ဖောင်းမှ ဖယ်ရှားနိုင်ခဲ့ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေသည့် မိသားစုကိုအမည်ပျက်စာရင်း သွင်းရာ ရောက်ကြောင်း၊ ၎င်း၏ ဖက်ရှင်ဒီဇိုင်းများကို ဖက်ရှင်လုပ်ငန်းရှင်များငြင်းပယ်ရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း JFM က ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ရေချယ်တေဇသည် ဖက်ရှင်သင်တန်းကျောင်းဆင်းဖြစ်ကာ အီတလီမှာပင် ဆက်လက်နေထိုင် လျက်ရှိပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော ၎င်း၏မိသားစုပိုင် ခရိုနီစီးပွားရေး လုပ်ငန်းစု ကြီးဖြစ်သည့် ထူးကုမ္ပဏီအုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရေချယ်သည် အီတလီတွင်ရှိစဉ်မှာပင် ထူးအုပ်စု ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပြီး ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း JFM ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထူးအုပ်စုသည် မြန်မာစစ်အုပ်စု၏ စစ်လက်နက်ဒေါက်တိုင်တစ်ခုဖြစ်ပြီး ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လျက်ရှိကာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေပြီး နိုင်ငံတကာစီးပွားရေးကွန်ရက်တွင် ပါဝင်ကြောင်းသိရသည်။
ထူးအုပ်စုကုမ္ပဏီသည် နှစ်ရှည်စီမံကိန်းကြီးများစွာလည်ပတ်နေဆဲဖြစ်ပြီး ယင်းတို့ထဲမှ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်လှော်ကားဥယျာဉ်၊ မန္တလေးတိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ) ၊ နေပြည်တော်ဆာဖာရီဥယျာဉ်နှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကိုလုပ်ကိုင်လျက်ရှိသည်။
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇသည် ၂၀၂၄ ခုနှစ်က ပြည်လမ်းပေါ်ရှိ ထူးအုပ်စုကုမ္ပဏီရုံးချုပ်နေရာကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – ရေချယ်တေဇအင်စတာဂရမ်