
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သူငယ်ချင်းနှစ်ဦး KTV သွားရန် ဆိုင်နေရာရွေးရင်း စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့်ပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တာချီလိတ်၊ မယ်ခေါင်ရပ်ကွက်တွင် စကားများပြီး သေနတ်ဖြင့်ပစ်ခံရ၍ အသက် (၃၆) နှစ်အရွယ်ရှိ စိုင်းရှဲန်ဆိုသူမှာ မျက်နှာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
“ပစ်ခတ်မှုဖြစ်လို့ သွားတော့ ကားထဲမှာ သေနတ်ဒဏ်ရာနဲ့ သေနေတာ။ ပါးနဲ့၊ နားအောက်တို့ကို ပစ်သွားတာ။ သူငယ်ချင်းနှစ်ယောက် စကားများပြီးဖြစ်ကြတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ပစ်ခတ်သွားသူမှာ အသက် ၄၅ နှစ်အရွယ်ရှိ စိုင်းကျောက်ဆိုသူဖြစ်ပြီး လက်နက်မှုဖြင့် ထောင်တစ်နှစ် ကျခံပြီးနောက် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ တရားခံ၏နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်အနောက်ဘက်တွင် သေနတ်ကို အိတ်ဖြင့်ထုတ်ပြီး မြေကြီးမြုပ်၍ ကြွေပြားဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်ဟု ဆိုသည်။
လက်ရှိတွင် တရားခံဖြစ်သူကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၄၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားပြီး ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား တွေ့ရစဉ်။