
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၈ ရက်
မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးလေးသွယ်ဖြစ်သော ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်တို့၏ ရေမျက်နှာပြင်သည် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ၏ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ် ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီမြစ်ရေသည် ဇလွန်မြို့၌ စိုးရိမ်ရေမှတ်အောက် ၃ လက်မခန့်တွင် ရှိပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဖွယ်ရှိသည်။ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရှိရာ လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ထို့အတူ ငဝန်မြစ်ရေသည်လည်း ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရှိနေပြီး လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလ က ဖော်ပြထားသည်။
အထူးသဖြင့် တိုးမြစ်ရေသည် မအူပင်မြို့၌ ယနေ့နံနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်တွင်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်၁ ရက်အတွင်း ဒီရေမြင့်တက်ချိန် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနိုင်သည်ဟု မိုး/ဇလ က သတိပေးထားသည်။
သို့ဖြစ်ပါ၍ ဇလွန်၊ တောင်ငူ၊ မအူပင်နှင့် ငါးသိုင်းချောင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေကြီးမှုအန္တရာယ်ကို ကြိုတင်သတိပြုကာ မြစ်ရေမြင့်တက် လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် သတိပေးထားသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်