
ဧရာဝတီတိုင်းမ်
မေ ၂၃ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် ကိုးတန်းကျောင်းသူလေးတစ်ဦးကို ရက်စက်စွာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံနှစ်ဦးအား တောင်ငူခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦး နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အိမ်နီးချင်းအမျိုးသားနှင့် တစ်ရွာတည်းနေ အခြားအမျိုးသားတစ်ဦးတို့က ၎င်းကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသွားသည့် ကျောင်းသူ၏ နေအိမ်ကျောချင်းကပ်တွင် နေထိုင်သည့် တရားခံကို မသင်္ကာ၍ စစ်ဆေးရာမှ တစ်ရွာတည်းနေ အခြားအမျိုးသားတစ်ဦးနှင့်အတူ မိခင်မရှိချိန်တွင် အဓမ္မပြုကျင့်သတ်ဖြတ်ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။
“နေအိမ်မှာရှိတဲ့ နိုင်လွန်ကြိုးနဲ့ချည်ပြီး လည်ပင်းကို ဓားမနဲ့ခုတ်သတ်ထားခဲ့တာလို့ ဝန်ခံပါတယ်” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားခဲ့သည်။
အဆိုပါ တရားခံနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ (အဓမ္မပြုကျင့်မှု) နှင့် ပုဒ်မ ၃၀၂ (လူသတ်မှု) တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် မေလ ၂၂ ရက်နေ့တွင် တောင်ငူခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ-ကျောင်းသူလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံ ၂ ဦးကိုတွေ့ရစဉ်။
#ပဲခူး #တောင်ငူ #ကျွန်းကုန်း #ကိုးတန်းကျောင်းသူ #အဓမ္မပြုကျင့် #သတ်ဖြတ် #တရားခံနှစ်ဦး #သေဒဏ်ချ #Ayeyarwaddy_Times