နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်ကောင်စီက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟု အကြောင်းပြ၍ ရေကြောင်း၊ လေကြောင်း သင်တန်းများဖြင့် လူငယ်များကို အသုံးချရန် လုပ်ဆောင်လာကြောင်း CDM အရာရှိများနှင့် စစ်ကောင်စီ၏ ဝါဒဖြန့် ဖော်ပြမှုများအရ သိရသည်။

စစ်ကောင်စီသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ လူငယ်များကို နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်ဟုဆိုကာ ယခုနှစ်၊ နွေရာသီကျောင်း ပိတ်ရက်တွင် ထိုသို့သင်တန်းများ သင်ကြားနေကြောင်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် နေစဉ် ဖော်ပြလျက်ရှိသည်။

အဆိုပါရေကြောင်း၊ လေကြောင်း သင်တန်းများတွင် စစ်ကောင်စီသည် ၎င်းတို့တပ်အတွင်း လူတန်းစားခွဲခြား ဆက်ဆံခြင်းများကို ဖုံးကွယ်ကာ လွန်စွာနွေးထွေးပျူငှာသော ပုံစံမျိုးသာ စည်းရုံးပြသလေ့ရှိ ကြောင်း CDM လေတပ်အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“စစ်မှုထမ်းဥပဒေနဲ့ ရဲဘော်သစ် စုဆောင်းတာအပြင် ဒီဟာကလဲ ကလေး‌တွေကို အနုနည်းနဲ့ တပ်ထဲဝင်ချင်အောင် ဆွဲဆောင်တဲ့ ပုံစံပါဗျ။ ဒါကို ကျောင်းတွေနဲ့ ညှိပြီး၊ ခွဲတမ်းကျ တောင်းပြီးတော့ စရိတ်ငြိမ်းစီစဉ် ဂျင်းထည့် (လှည့်စား) နေတဲ့ သဘောပေါ့” ဟု ၎င်းက သုံးသပ်ထောက်ပြသည်။

စစ်ကောင်စီကမူ ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်နှင့် အခြားကိစ္စရပ်များကို ရည်ရွယ်၍ ရေတပ်စခန်း ၁၁ ခုနှင့် လေတပ်စခန်း ၁၅ ခုတို့တွင် သင်တန်းသား၊ သင်တန်းသူ ၁,၆၀၄ ဦး တက်ရောက်စေခဲ့သည်။

အဆိုပါသင်တန်းများကို ဧပြီ ၂၂ ရက်မှစတင်ကာ မေ ၂၃ ရက် အထိ ရက်သတ္တ ၅ ပတ်ကြာ သင်ကြားသွားမည်ဟု ထုတ်ပြန်ထားပြီး ရေကြောင်းနှင့် လေကြောင်းသင်တန်းများတွင် အတွေ့အကြုံ၊ ဗဟုသုတသစ်ရအောင်ဟုဆိုကာ အရပ်သားများကို ပစ်မှတ်ထား ဗုံးကြဲနေသည့် ၎င်းတို့၏ လေယာဉ်နှင့် စစ်ရေယာဉ်များကို လိုက်ပါစီးနင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးနေသည့် စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ယခင်စစ်အစိုးရများ လုပ်ဆောင်ခဲ့သော တေဇ၊ ရှေ့ဆောင်နှင့် လမ်းစဥ်လူငယ် ပုံစံကဲ့သို့ဖြစ်ပြီး စစ်ရေးအတွက် လူငယ်များ ကို တစ်ဖက်လှည့်ဖြင့် စည်းရုံးနေခြင်းဖြစ်ကြောင်း CDM အရာရှိများက ဆိုသည်။

လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော်လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် တိုင်း/ပြည်နယ်အဆင့် ကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြင်ဆင်ဖွဲ့စည်းခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ပင် စစ်ခေါင်းဆောင်က အရွယ်ရောက်ပြီးသူ လူငယ်များ စစ်မှုထမ်းရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို မကြာမီ အသက်သွင်းမည့်အကြောင်း နေပြည်တော် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့ရာမှ အဆိုပါဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီသည် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ ၃၃ ရာခိုင်နှုန်းကျော်ရှိ လူငယ်များကို တပ်အင်အားဖြင့် အသုံးချနိုင်ရန် အတင်းအမ္မ စတင်လုပ်ဆောင်လာပြီး တစ်ဖက်တွင်လည်း စစ်သင် တန်းများ၊ စည်းရုံရေး သင်တန်းများ အလေးထား ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-ရေကြောင်းနှင့် လေကြောင်းသင်တန်းများကို တက်ရောက်နေရသည် လူငယ်များအား တွေ့ရစဉ်
#လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး #စစ်ကောင်စီ #ရေကြောင်းလေကြောင်းသင်တန်း #လူငယ်များအသုံးချ #Ayeyarwaddy_Times