ဧရာဝတီတိုင်းမ်
မေ ၁၉ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းကို စစ်ကောင်စီက အင်အား ထောင်ချီသုံး၍ စစ်ကြောင်းထိုး ချီတက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ မေ၁၉ရက် နံနက်ပိုင်းက တံတားညီနောင်ကျေးရွာအထိ ရောက်ရှိ လာပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

“မနေ့ကတည်းက နန့်ယားကိုကျော်ပြီး တံတားညီနောင်ဘက် စစ်တပ်ကရောက်လာတာ။ တိုက်ပွဲ ပြင်းထန်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် မေ ၁၅ရက်နေ့ကတည်းက နန့်ယားရွာအတွင်း လက်နက်ကြီးများ ပစ်ခတ် ဝင်ရောက်ကာ နေပိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းများကို ယူငင်သွားကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၄ရက်နေ့ကတည်းက ဖားကန့်- ကာမိုင်းလမ်းပေါ်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် အင်းတော်ကြီး- ဖားကန့်လမ်း၊ ဖားကန့်- ကာမိုင်းလမ်း၊ ဖားကန့်- ဆယ်ဇင်း- တာမခံလမ်းတို့မှ စစ်ကြောင်း သုံး ကြောင်းခွဲ၍ ဝင်ရောက်လာခြင်းဖြစ်ကာ ယခု တံတားညီနောင် အထိရောက်ရန်အတွက် စစ်ကောင်စီဘက်မှ အင်အားအများအပြား ဆုံးရှုံးပြီးမှ ချီတက်လာနိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ဖားကန့် #စစ်ကောင်စီ #အသေခံရှေ့တိုး #Ayeyarwaddy_Times